ရသေ့တောင်တိုက်ပွဲ အသက်၈၀ အမျိုးသမီးနဲ့ မသန်စွမ်းတစ်ဦးသေဆုံး

ကျောက်တန်းကျေးရွာနဲ့ အနီး မြန်မာ့တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေ

BBC
ကျောက်တန်းကျေးရွာနဲ့ အနီး မြန်မာ့တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေ

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနဲ့ အနီးဝန်းကျင်နေရာတွေမှာ မြန်မာ့တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့ ကျောက်တန်းကျေးရွာမှာ အမျိုးသမီးကြီးတစ်ဦးနဲ့ လူငယ်တစ်ဦးတို့ အောက်တိုဘာ ၈ ရက်နေ့ ညနေပိုင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၈ ရက် ညနေပိုင်းကနေ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ရွာထဲမှာ တပ်စွဲထားတဲ့ တပ်မတော်တပ်စခန်းက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာခဲ့ပြီး အသက် ၈၀ ဝန်းကျင်အရွယ် ဒေါ်စံဝင်းဖြူဟာ ထိတ်လန့်ပြီးသေဆုံးသွားခဲ့တာဖြစ်တယ်လို့ သားဖြစ်သူ ဦးမောင်စံလှိုင်က ဘီဘီစီကိုပြောပါတယ်။

သေဆုံးသူနောက်တစ်ဦးဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် မောင်အောင်နိုင်ကတော့ ကျောက်တန်းကျေးရွာ ဒုက္ခသည်စခန်းမှာ နေထိုင်သူ မသန်စွမ်းတစ်ဦးဖြစ်ပြီးတော့ မိသားစုတွေထွက်ပြေးခဲ့တဲ့အချိန်မှာ အတူခေါ်ဆောင်ဖို့ အခက်အခဲရှိနေတဲ့အတွက် ထားခဲ့ရတာ ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။။

လက်ရှိမှာ ကျောက်တန်းကျေးရွာအတွင်းမှာ တပ်မတော်အနေနဲ့ တပ်စွဲထားတာမရှိဘဲ အဲ့ဒီနေရာတွေမှာ တိုက်ပွဲဖြစ်ပွားတာတွေလည်းမရှိကြောင်းနဲ့ အေအေဘက်ကနေပြီးတော့ တပ်မတော်ကို သတင်းပေးတဲ့သူတွေကို သစ္စာဖောက်ဆိုပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။

ဒုက္ခသည် စခန်း တခု က စစ်ဘေးရှောင်များ

BBC
ဒုက္ခသည် စခန်း တခု က စစ်ဘေးရှောင်များ

တိုက်ပွဲ မဖြစ်ဘူးလို့ တပ်မတော်ကပြော

အောက်တိုဘာ ၈ ရက် မနက်ပိုင်းကနေ ညအချိန်ထိဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း ဒုက္ခသည်စခန်းမှာ တစ်ယောက်တည်း ရှိနေချိန် မောင်အောင်နိုင်ဟာ ကျည်ထိမှန် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ရွာမှာကျန်ခဲ့သူတွေရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

“ကျောက်တန်းမှာကတော့ ကျွန်တော်သိရသလောက်ကတော့ တိုက်ပွဲမဖြစ်ဘူး။ တိုက်ပွဲမဖြစ်ဘဲနဲ့ အေအေက ကျောက်တန်းရွာထဲကိုဝင်ပြီးတော့ မင်းတို့ကောင်တွေဘာလို့တပ်ကို သတင်းပေးတာလဲ။ ငါတို့တောင်းတဲ့ဟာတွေကို ဘာလို့မပေးတာလဲဆိုပြီး အငြိုးထားပြီးတော့မှ ပစ်ခတ်ခဲ့တာလို့ပြောတယ်။”လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။

သေဆုံးသူ မောင်အောင်နိုင်မှာ အဖေ၊ အစ်မဖြစ်သူတို့နဲ့ နေထိုင်နေတာဖြစ်ပြီး သူဟာ လမ်းမလျှောက်နိုင်သလို စကားလည်းမပြောနိုင်သူဖြစ်ပါတယ်။ ဒါကြောင့် မိသားစုတွေထွက်ပြေးသွားချိန် တစ်ယောက်တည်း ကျန်နေခဲ့တာ ဖြစ်တယ်လို့ ကျေးရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရခိုင် စစ်ဘေးရှောင်များ

BBC
ရခိုင် စစ်ဘေးရှောင်များ

ရွာသားတွေကတော့ ထွက်ပြေးနေရတယ်လို့ဆို

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကနေ ကျေးရွာကို တပ်မတော်စစ်ကြောင်းတွေ ဝင်ရောက်လာခဲ့တဲ့အတွက် ကျေးရွာသားတွေဟာ ကြောက်ရွံ့ပြီးတော့ ရွာလုံးကျွတ်ထွက်ပြေးလာခဲ့ပြီး အသက်ကြီးပိုင်းတွေနဲ့ နာမကျန်းသူတွေကို ထားခဲ့ရတာဖြစ်တယ်လို့ မိသားစုတွေကပြောပါတယ်။

အသက် ၈၀ ဝန်းကျင်အရွယ် ဒေါ်စံဝင်းဖြူဟာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့အတွက် လမ်းကောင်းကောင်းမလျှောက်နိုင်တော့သူ တစ်ဦးဖြစ် ပါတယ်။ အတူနေတဲ့သား ဖြစ်သူ ဦးမောင်စံလှိုင်တို့ ထွက်ပြေးလာခဲ့ရချိန်မှာ အိမ်မှာကျန်ရှိနေခဲ့တာလို့ ဆိုပါတယ်။

ဒေါ်စံဝင်းဖြူနဲ့ မောင်အောင်နိုင်သေဆုံးတာကိုတော့ ရွာမှာကျန်ခဲ့သူတွေ ပြောပြချက်အရ သိရတယ်လို့ ကျန်ရစ်သူမိသားစုတွေက ပြောပါတယ်။

တပ်မတော်ဘက်ကတော့ အဲ့ဒီကျောက်တန်းကျေးရွာအတွင်းမှာ တပ်မတော်စစ်ကြောင်းတွေ မရှိကြောင်းနဲ့ တိုက်ပွဲဖြစ်ပွား တာလည်းမရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

“စစ်တပ်ကရွာမှာ ကင်းချထားတယ်။ လက်နက်ကြီးတွေနဲ့ပစ်တယ်။ အဲ့ဒီလက်နက်ကြီးသံတွေကြောင့် လန့်ပြီးသေဆုံးသွား တာပါ။ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တာပါ။ ရွာကိုလည်းသွားလို့မရသေးဘူး။ စစ်တပ်က စာသင်ကျောင်းမှာ ရှိနေတယ်။ သူတို့ရှိနေရင် မသွားရဲတဲ့အတွက် အခုထိအလောင်းကရွာမှာပဲရှိနေတယ်”လို့ သားဖြစ်သူ ဦးမောင်စံလှိုင်ကပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ရွာကို သွားလို့မရ

ပြီးခဲ့တဲ့ ကျောက်တန်းရွာ ပစ်ခတ်မှုဖြစ်စဉ်မှာ ကျေးရွာသားတချို့သေဆုံးခဲ့ရပြီး တော်တော်များများ ဖမ်းဆီးခံနေရ တာကြောင့် စစ်ကြောင်းတွေ ဝင်ရောက်လာခဲ့တဲ့ အချိန်မှာ ရွာလုံးကျွတ် ထွက်ပြေးလာခဲ့ကြတာ ဖြစ်တယ်လို့ ကျောက်တန်းကျေးရွာက ဒေါ်ခင်မိုးနွယ်ကပြောပါတယ်။

အဲ့ဒီကျေးရွာသားတွေဟာ ရသေ့တောင်မြို့ပေါ်၊ နွားလားကျော်၊ ရေပုတ်၊ ဗောဓိကုန်း၊ ရေမျက်စတဲ့ကျေးရွာတွေကို ထွက်ပြေးရောက်ရှိနေကြတာဖြစ်ပါတယ်။

ကျောက်တန်းကျေးရွာအပြင် အောင်သာစည်၊ ထီးစွဲကျေးရွာသားတွေလည်း တပ်မတော်စစ်ကြောင်းတွေဝင်ရောက်လာခဲ့တဲ့ အောက်တိုဘာ ၄ ရက်ကနေ ထွက်ပြေးနေကြတာဖြစ်ပြီး ကျောက်တန်းကျေးရွာမှာတော့ အောက်တိုဘာ ၉ ရက် မနက်ပိုင်းအထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လိုအပ်တဲ့ အကူအညီတွေ လုပ်ပေးနိုင်ဖို့အတွက် စုံစမ်းမှုတွေ ပြုလုပ်နေပေမယ့် ကျေးရွာမှာ ကျန်ရှိနေတဲ့သူတွေနဲ့ အဆက်အသွယ် မရရှိဘဲ ဖြစ်နေတဲ့အတွက် အခြေအနေ အတိအကျကို မသိရသေးဘူးလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောပါတယ်။

” ဒီကနေ့ ကျောက်တန်းကို သွားမလို့ပါပဲ။ ကျောက်တန်းကဖုန်းဆက်လာတယ်။ ဆရာမတို့ လုံးဝမလာပါနဲ့။ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတယ်။ အန္တရာယ်ရှိတယ် ဆိုပြီးတော့ ပြောတယ်။ အဆက်အသွယ်တော့ လုပ်နေတယ်။ ရွာထဲမှာ ရှိတဲ့လူတွေနဲ့ အဆက်အသွယ် မရဘူး”လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။

တပ်မတော်ရဲ့ ပြောဆိုချက်တွေဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲမှုတွေရှိနေပြီး လက်ရှိမှာတော့ တပ်မတော်စစ်ကြောင်းက ကျေးရွာစာသင်ကျောင်းမှာ တပ်စွဲထားတယ်လို့ ရွာသားတွေရဲ့ ပြောပြချက်အရ သိရတယ်လို့ သူက ဆိုပါတယ်။

အရပ်သားထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်လိုလိုရှိလာနေ

Getty Images
အရပ်သားထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်လိုလိုရှိလာနေ

အရပ်သားသေဆုံးမှု စုံစမ်းဖော်ထုတ်ရေးအဆို အတည်ပြုပြီး တိုက်ပွဲတွေစိပ်လာ

ကျောက်တန်းကျေးရွာဟာ မူလက လူဦးရေ ၃၀၀၀ ကျော်နေထိုင်ခဲ့ကြပေမယ့် လက်ရှိမှာတော့ ကျေးရွာသား ၁၀၀၀ ကျော်လောက်ပဲ နေထိုင်နေတယ်လို့ ဒေါ်ခင်စောဝေကပြောပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေအတွင်း အရပ်သားသေဆုံးမှုတွေနဲ့ပတ်သက်လို့ စုံစမ်းဖော်ထုတ်မှုတွေပြုလုပ်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ ဌာနဆိုင်ရာနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေပါဝင်တဲ့ စုံစမ်းရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းသွားဖို့အတွက် တင်သွင်းခဲ့တဲ့အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်က ပြီးခဲ့တဲ့ ၁၁ ကြိမ်မြောက်အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။

အဲ့ဒီအဆိုကို အတည်ပြုလိုက်ပြီးတဲ့နောက် အောက်တိုဘာလဆန်းပိုင်းကနေ စတင်ပြီးတော့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်လိုလို ရှိလာနေတာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီအနေနဲ့ အရပ်သားသေဆုံးမှုတွေ မဖြစ်စေဖို့အတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် သက်ဆိုင်ရာတွေကို ဆောင်းဆိုတာတွေ လုပ်ထားပြီး ဖြစ်ပေမယ့် ဒီနေ့အထိ တစ်စုံတစ်ရာ အကြောင်းပြန်ဖြေကြားတာမျိုး မရှိသေးဘူးလို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

บทความก่อนหน้านี้ยักษ์แคระ ขอทำสถิติโลกต่อไป ข้ามไฟต์บังคับเตรียมบุก เมกา ต้นปีหน้า
บทความถัดไปพ่อแม่ทำพิธีเชิญวิญญาณ! จุดชนน.ศ. 13 ศพสุดเฮี้ยน หนุ่มคนขับเตรียมบวชให้