ဒေါ်အောင်ဆန်းစုကြည် ICJ ခရီးချောမွေ့စေရေး နယ်သာလန်သံအမတ်ကို ခေါ်တွေ့၊ အိုင်စီဂျေမှာ မြန်မာဘက်က ရှေ့နေလိုက်ဖို့ကိစ္စ ပါမောက္ခဝီလျှံရှဘတ်စ် တုံ့ပြန် အပါအဝင် ထိပ်တန်းသတင်းများ

ဒေါ်အောင်ဆန်းစုကြည်မှာ မကြာခင်ရက်ပိုင်းမှာပဲ နယ်သာလန်နိုင်ငံကို ထွက်ခွာတော့မှာဖြစ်

Getty Images
ဒေါ်အောင်ဆန်းစုကြည်မှာ မကြာခင်ရက်ပိုင်းမှာပဲ နယ်သာလန်နိုင်ငံကို ထွက်ခွာတော့မှာဖြစ်

(၁)အိုင်စီဂျေမှာ မြန်မာဘက်က ရှေ့နေလိုက်ဖို့ကိစ္စ ပါမောက္ခဝီလျှံရှဘတ်စ် တုံ့ပြန်

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ တရားစွဲ ဆိုထားမှုအပေါ် မြန်မာဘက်ကနေ လိုက်ပါ ဆောင်ရွက်ဖို့ သတင်းတွေထွက်နေတဲ့ ဥပဒေပညာရှင် ပါမောက္ခ ဝီလျှံရှဘတ်စ်က ဒီသတင်းနဲ့ ပတ်သက်လို့ တိတိကျကျ ငြင်းဆိုခြင်းမရှိဘဲ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကိုသာ မေးဖို့ ဘီဘီစီကို ဒီဇင်ဘာ ၅ ရက်မှာ အကြောင်းပြန်ခဲ့ပါတယ်။

သူ့ရဲ့အီးမေးလ်နဲ့ပြန်ကြားစာထဲမှာ ဒီကိစ္စနဲ့ပတ်သက်လို့ မီဒီယာတွေအနေနဲ့ သိလိုတာတွေကို မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကို ထံကို ဆက်သွယ်မေးမြန်းဖို့ ပါရှိပြီး အဲဒီမှာ ဆက်သွယ်ရမယ့် အီးမေးလ်လိပ်စာတစ်ခုကိုလည်း ထည့်သွင်းခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကို ကို ဘီဘီစီက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။ ဒါ့အပြင် ပါမောက္ခဝီလျှံရှဘတ်စ်ထည့်သွင်းပေးလိုက်တဲ့ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

နိုင်ငံခြားရေးက ညွှန်ကြားရေးမှူးချုပ်တစ်ဦးဖြစ်တဲ့ ဦးချမ်းအေးကတော့ ဝီလျှံရှဘတ်စ် မြန်မာဘက်က လိုက်ပါဆောင်ရွက်ခြင်းရှိမရှိကို သက်ဆိုင်ရာ အသိပေးသင့်တဲ့သူတွေက အသိပေးဖို့ ရှိပါတယ်လို့ ဘီဘီစီကို ဖြေကြားထားပါတယ်။

ဥပဒေပညာရှင် ပါမောက္ခ ဝီလျှံရှဘတ်စ်ကို ငှားရမ်းတဲ့အတွက် မြန်မာအစိုးရကိုရော လိုက်ပါဆောင်ရွက်မယ့် ဝီလျှံရှဘတ်စ်ကိုပါ ဝေဖန်မှုတချို့ ထွက်ပေါ်နေပါတယ်။

မစ္စတာ ဝီလျှံရှဘတ်စ်ဟာ မြန်မာနိုင်ငံမှာ ၂၀၁၀ နောက်ပိုင်းရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်စဉ်နဲ့ပတ်သက်လို့ မှတ်ချက်ပြုပြောကြားခဲ့ဖူးသလို လူမျိုး တုံးသတ်ဖြတ်မှုနဲ့ပတ်သက်လို့ စာအုပ်စာတမ်းတွေလည်း ရေးသားထုတ်ဝေဖူးတဲ့အတွက် အခုလို မြန်မာဘက်က လိုက်ပါဆောင်ရွက်တာဟာ မသင့်တော်ဘူးလို့ ဝေဖန်တာတွေရှိနေတာပါ။

အဲဒီလိုပဲ မြန်မာအစိုးရကို ထောက်ခံသူတချို့ကလည်း ဒီလို စာအုပ်စာတမ်းတွေရေးသားထုတ်ဝေပြီး ဒီဖြစ်စဉ်တွေအပေါ်မှတ်ချက်ပြုပြောခဲ့ဖူးသူကို ရှေ့နေလိုက်ဖို့ငှားရမ်းတဲ့အတွက် စိုးရိမ်ပူပန်တယ်ဆိုပြီး ဝေဖန်တာတချို့ရှိနေတာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေကို မျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အာဖရိက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အိုအိုင်စီကိုယ်စား မြန်မာကို အိုင်စီဂျေမှာ တရားစွဲထားတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက် စတင်မယ့်တရားခွင်မှာ ဂမ်ဘီယာဘက်က လျှောက်ထားချက်ကို ကြားနာမှာဖြစ်ပြီး ဒီဇင်ဘာ ၁၁ မှာတော့ မြန်မာနိုင်ငံက ပြန်လည် တုံ့ပြန်မှာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၂ မနက်ပိုင်းမှာတော့ ဂမ်ဘီယာက မြန်မာရဲ့ချေပချက်တွေကို တုံ့ပြန်ချေပရမှာဖြစ်ပြီး အဲဒီနောက် မြန်မာဘက်က တုံ့ပြန်မှုတွေပြု လုပ်ရမှာဖြစ်ပါတယ်။

ဒီကြားနာမှုတွေကို အိုင်စီဂျေနဲ့ ကုလသမဂ္ဂဝက်ဘ် ဆိုက် ရုပ်သံတွေကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

()ဒေါ်အောင်ဆန်းစုကြည် ICJ ခရီးချောမွေ့စေရေး နယ်သာလန်သံအမတ်နဲ့ ဝန်ကြီးဦးကျော်တင် တွေ့ဆုံ

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဦးဆောင် ဖြေရှင်းဖို့ နယ်သာလန်ကို သွားမယ့်ခရီးစဉ်အဆင်ပြေချောမွေ့စေရေးအတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်ဟာ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးမစ္စတာ Wouter Jurgens နဲ့ ဒီဇင်ဘာ ၅ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ခရီးစဉ်အဆင်ပြေချောမွေ့စေဖို့ လိုအပ်တဲ့ကူညီပံ့ပိုးမှုတွေကို သံအမတ်ကြီးနဲ့ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

အိုင်စီဂျေမှာ မြန်မာအမှုရုံးချိန်းတွေကို ဒီဇင်ဘာ ၁၀ ရက်မှာစတင်မယ်လို့ ကြေညာထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ မကြာခင်ရက်ပိုင်းမှာပဲ နယ်သာလန်နိုင်ငံကို ထွက်ခွာတော့မှာဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ရှင်နယ်သာလန်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအတွက် သံတမန်လုံခြုံရေးနဲ့ အကာအကွယ် စောင့်ရှောက်မှုတွေကို စီစဉ်ပေးမှာဖြစ်တဲ့အပြင် အိုင်စီဂျေနဲ့ အိမ်ရှင်နိုင်ငံ သဘောတူညီချက်အရလည်း လုံခြုံရေး ဆောင်ရွက်မှုတွေစီစဉ်ပေးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဘီဘီစီကို ပြောကြားထားပါတယ်။

ဒါ့အပြင် ဒီကနေ့ ဒီဇင်ဘာ ၆ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂရဲ့အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို ဒီဇင်ဘာ ၁၀ ရက်မှာ သွားရောက် တရားရင်ဆိုင်ရမှာဖြစ်ပြီး ဒီခရီးစဉ် မတိုင်ခင် ခုလို တရုတ်နိုင်ငံခြားရေး၀န်ကြီးခရီးစဉ် ထွက်ပေါ်လာတာဖြစ်ပါတယ်။ မစ္စတာဝမ်ယီဟာ ဒီဇင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာ မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားခရီးစဉ်အပြီးမှာ အခု မြန်မာပြည်ခရီးစဉ်ကို စတင်ဖွယ်ရှိနေတာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်က မူလတည်းက စီစဉ်ထားတာလား၊ ဒီအိုင်စီဂျေခရီးစဉ်နဲ့ ဆက်စပ်လားဆိုတာကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူတွေကို ဘီဘီစီက ဒီဇင်ဘာ ၆ ရက်နံနက်မှာ ဆက်သွယ်မေးမြန်းပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

မစ္စတာဝမ်ယီဟာ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

အိုင်စီဂျေမှာ တရားသူကြီးအဖွဲ့ကို တရားသူကြီး ၁၅ ဦးနဲ့ ဖွဲ့စည်းထားပြီး အဲဒီထဲမှာ ဒုဥက္ကဋ္ဌက တရုတ်နိုင်ငံက ရွှဲဟန်ချင်းဖြစ်ပါတယ်။ သူဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ဖူးသူလည်း ဖြစ်ပါတယ်။

(၃) ဝက်သက်လိုရောဂါကြောင့် ကလေးတွေသေနေတာကို WHO အမျက်ထွက်

ကာကွယ်တားဆီးလို့ရတဲ့ ဝက်သက်လိုရောဂါတွေကြောင့် ကလေးတွေသေဆုံးရတာကို အမျက်ထွက်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပြော ပါတယ်။

နောက်ဆုံးထွက်လာတဲ့စာရင်းအရ ပြီးခဲ့တဲ့နှစ်မှာ လူပေါင်း ၁၄၀၀၀၀ ကျော်ဟာ ဝက်သက်ပေါက်လို့ သေဆုံးရပြီး ဒီ့အရင်ကနှစ်ထက်စာရင် သေဆုံး နှုန်းဟာ ၁၃ ရာခိုင်နှုန်း များလာတာ တွေ့ရပါတယ်။

သေဆုံးတဲ့အထဲမှာ အများစုဟာ ကလေးတွေဖြစ်ပြီး လူပေါင်း ၁၀ သန်းနီးပါးဟာလည်း ရောဂါကူးစက်မှု ခံရတယ်လို့ ခန့်မှန်းရပါတယ်။

ဝက်သက်ဟာ သေစေနိုင်တဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး ဝက်သက်ရောဂါ ကူးစက်ခံရတဲ့ လူပေါင်း ၅ ရာခိုင်နှုန်းဟာ ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးရတာချည်းပါပဲလို့ အမေရိကန်၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလတ္တာက ဝက်သက်ရောဂါထိန်းချုပ်ရေးဌာန ဥက္ကဋ္ဌ ဒေါက်တာ ရောဘတ်လင်းကင်းစ်က ပြောကြားခဲ့ပါတယ်။

ဒီအခြေအနေကိုကြည့်ရင် ဝက်သက်ရောဂါဆိုင်ရာ စာရင်းကောက်ယူမှုတွေမှာ မပြည့်စုံမှုတွေရှိနေတာကို သိသာနိုင်သလို အန္တရာယ်ကင်းပြီး ထိရောက် ဈေးနှုန်းသက်သာတဲ့ ဝက်သက်ရောဂါကာကွယ်ဆေးကို အလွယ်တကူ ရနိုင်ခဲ့တာလည်း နှစ်ပေါင်းငါးဆယ်ကျော်ပြီလို့ WHO ကပြောပါတယ်။

ဒါပေမဲ့ တချို့နိုင်ငံတွေမှာ ဝက်သက်ကာကွယ်ဆေးထိုးပေးတဲ့အပိုင်းမှာ မအောင်မြင်တာကတော့ ကာကွယ်ဆေးထိုးဖို့အရေးကြီးတာကို ပြောတဲ့အခါမှာ သတင်းအချက်အလက်မှားယွင်းနေတာ၊ ဘာသာရေးအစွဲအလမ်းတွေဖြစ်နေတာ၊ အာဏာပိုင်တွေပေါ်မှာ ယုံကြည်မှုနည်းပါးနေတာ စတဲ့ အချက်တွေ လည်း ပါဝင်နေပါတယ်။

(၄) စပ်စွဲပြစ်တင်မှုမှာ သူပဲ အနိုင်ရမယ်လို့ ထရမ့်ပြော

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ကိုတရားစွဲဖို့ ပြင်ဆင်နေတဲ့ ဒီမိုကရက်တွေကို ရူးမိုက်တဲ့သူတွေဖြစ်ကြောင်းနဲ့ ဆီးနိတ်လွှတ်တော်ရောက်ရင် အမှုကို သူပဲ အနိုင်ရမှာပါလို့ ပြောပါတယ်။

ဒါကြောင့် ဒီမိုကရက်တွေအနေနဲ့ ကိုယ်လုပ်စရာရှိတဲ့တာဝန်ကို လုပ်မှသာ နိုင်ငံဟာ သူ့အရှိန်နဲ့သူ ပြန်လည်ပတ်နိုင်မယ်လို့ မစ္စတာထရမ့်က ပြောပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီကတော့ သမ္မတထရမ့်မှာ သူ့ရဲ့ နိုင်ငံရေးအမြတ်ထွက်လိုမှုနဲ့ အာဏာကို အလွဲသုံးစားလုပ်ရင်း အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်စေတယ်လို့ ပြောပါတယ်။

ဆီးနိတ်ကို ချုပ်ကိုင်ထားတဲ့ ရီပက်ဘလီကန်တွေဟာ ယူကရိန်းကို အမေရိကန်က စစ်ရေးအကူအညီပေးတဲ့ကိစ္စနဲ့တော့ သမ္မတထရမ့်ကို ရာထူးက ဖယ်ရှားရေး မဲပေးမှာ မဟုတ်ဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အမေရိကန်ဖယ်ဒရယ်အယူခံတရားရုံးတော်က သမ္မတထရမ့်ရဲ့ ငွေကြေးဆိုင်ရာ စာရွက်စာတမ်းတွေကို ဂျာမနီက ဘဏ်ကြီးနှစ်ခုက တင်ပြရမယ်လို့ အမိန့်ချလိုက်ခြင်းဟာလည်း သူ့ရဲ့ငွေကြေးဆိုင်ရာကို အမြဲလျှို့ဝှက်ထားချင်တဲ့ သမ္မတအတွက် ကြီးမားတဲ့အထိနာချက် ဖြစ်စေခဲ့ပါတယ်။

ဒီအမှုကိုလည်း တရားရုံးချုပ်ကို တင်သွင်းဖွယ်ရှိနေပါတယ်။

บทความก่อนหน้านี้เขี้ยวพญานาคราช เศรษฐีอุดมทรัพย์
บทความถัดไป‘เวียร์’รีเทิร์นจับคู่จิ้น‘ฐิสา’ ละครเพลง‘ยอดรักนักรบ’เน้นฮา