တိရစ္ဆာန်ဆေးကု ဆရာဝန်ကို မုဒိမ်းကျင့်၊သတ်ခဲ့တယ်လို့ ယူဆရသူတွေကို အိန္ဒိယရဲ ပစ်သတ်

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ် ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က တိရစ္ဆာန်ဆေးကု ဆရာဝန်မလေးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တယ်လို့ ယူဆရတဲ့ သံသယတရားခံ လေးယောက်ကို ရဲတွေက ပစ်သတ်လိုက်ပါတယ်။

ရဲက ဖမ်းထားတဲ့ ဒီလူလေးယောက်ကို မှုခင်းဖြစ်ခဲ့တဲ့နေရာကို ပြန်ခေါ်သွားပြီး ဖြစ်စဉ်ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ ပြခိုင်းတဲ့ ဒီဇင်ဘာ ၆ ရက် သောကြာနေ့မှာ အခုလို ပစ်သတ်ခံခဲ့ရတာပါ။

သူတို့တွေက ရဲတွေလက်က သေနတ်တွေကို လုပြီး ထွက်ပြေးဖို့လုပ်လို့ သေနတ်နဲ့ အပစ်ခံရတာလို့ ဘီဘီစီ တယ်လူဂူ ဌာနကို ရဲက ပြောပါတယ်။

ဒါပေမဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ အပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေက ဒီပစ်ခတ်မှုဟာ တရားမဲ့ သတ်ဖြတ်မှုလား ဆိုတာ စစ်ဆေးပေးဖို့ တောင်းဆိုနေကြပါတယ်။

တရားလက်လွတ် ဥပဒေမဲ့ သတ်ဖြတ်တာတွေက မုဒိမ်းမှုတွေကို ကာကွယ်တဲ့ အဖြေမဟုတ်ဘူးလို့ အိန္ဒိယ နိုင်ငံ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အမှုဆောင် ဒါရိုက်တာ အဗင်နက်ရှ် ကူးမားက ပြောပါတယ်။

မုဒိမ်းကျင့် သတ်ဖြတ် မီးရှို့ခံရတဲ့ အသက် ၂၇ အရွယ် တိရစ္ဆာန်ဆေးကု ဆရာဝန် အမျိုးသမီးရဲ့ မီးသွေးပြာတွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က တွေ့ခဲ့ပါတယ်။ အဲဒီနောက် ရဲတွေက ဒါကို အရေးမယူပေးဘူးဆိုပြီး လူတွေက ဒေါသထွက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီနောက် ရဲတွေက သံသယရှိသူတွေကို သတ်လိုက်ပြီဆိုတဲ့ သတင်းထွက်ပေါ်လာအပြီးမှာ “တရားမျှတမှုကို ရခဲ့ပြီ” လို့ သေဆုံးသူ အမျိုးသမီးရဲ့ အမေက ဘီဘီစီကို ပြောပါတယ်။

အဲဒီ အချိန်မှာ အိမ်နီးနားချင်းတွေက မီးရှူးမီးပန်းတွေ ပစ်ဖောက် အောင်ပွဲခံခဲ့ကြပါတယ်။

ဒါ့အပြင် လူထောင်ပေါင်းများစွာကလည်း လမ်းတွေပေါ်ထွက်လာပြီး ရဲတွေကို ဂုဏ်ပြုကြပါတယ်။

ဘာကြောင့် ပစ်ခဲ့တယ်လို့ ရဲက ပြောသလဲ

ဒီလူ လေးယောက်ကို လက်ထိပ်မခတ်ဘဲ မှုခင်းဖြစ်ရာဆီ လက်နက်ကိုင် ရဲ ၁၀ ယောက်က ခေါ်လာခဲ့တယ်လို့ ဒေသခံ ရဲမှူးချုပ်က ပြောပါတယ်။

ရဲစခန်းရှေ့ လာဆန္ဒပြခဲ့ကြသူတွေ

Reuters
ရဲစခန်းရှေ့ လာဆန္ဒပြခဲ့ကြသူတွေ

မှုခင်းဖြစ်ခဲတဲ့ တိုးဂိတ်နေရာဟာ မိုက်ခရိုဆော့ဖ်တို့ ဂူဂဲလ်တို့လို နည်းပညာ ကုမ္ပဏီကြီးတွေရှိတဲ့ မြို့အစွန်အများနဲ့ နီးပါတယ်။

အဲဒီနေရာမှာ ရဲတွေက ဓားစာခံရဲ့ ပျောက်နေတဲ့ ဖုန်း၊ ဖုန်းဘက်ထရီအပိုနဲ့ နာရီတို့ကို လာရှာတာပါ။

“ဒီလူလေးယောက်က စပြီး ရဲတွေကို တိုက်ခိုက်တယ်။ ကျောက်တုံးတွေ၊ တုတ်တွေတွေနဲ့ တိုက်ခိုက်တယ်။ ပြီးတော့ ရဲနှစ်ယောက်ဆီက သေနတ်တွေကို လုပြီး စပစ်တော့တာပဲ” လို့ ရဲမှူးချုပ်က ပြောပါတယ်။

“ရဲတွေက သူတို့ကို ပြန်မပစ်ဘဲနဲ့ လက်နက်ချဖို့ ပြောပါသေးတယ်။ ဒါပေမဲ့ သူတို့က ဆက်ပြီး ကျွန်တော်တို့ကို ပစ်တယ်၊ တိုက်ခိုက်တယ်။ အဲဒါက ၁၅ မိနစ်လောက် ကြာတယ်။ ကျွန်တော်တို့လည်း ပြန်ခုခံရတာပေါ့။ အဲဒီလိုနဲ့ သူတို့ လေးယောက် သေသွားတာ” လို့ ပြောပါတယ်။

ရဲနှစ်ယောက်လည်း ခေါင်းမှာ ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒါပေမဲ့ သေနတ် ဒဏ်ရာတော့ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ အခုတော့ အဲဒီ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ကို ဆေးရုံမှာ ကုသနေတယ်လို့ ပြောပါတယ်။

“ပြောပါရစေ။ သူ့တရား သူစီရင်သွားတာပဲ” လို့လည်း သူက ပြောပါတယ်။

ဓားစာခံမိန်းကလေး ပျောက်ဆုံးနေချိန်မှာ ရဲတွေက ဘာမှ အရေးမယူပေးဘူးဆိုပြီး သူ့မိသားစုက စွပ်စွဲခဲ့ပြီးနောက် အခု လူသတ်၊မုဒိမ်းမှုအတွက် ရဲတွေ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။

ဥပဒေမဲ့ စီရင်တာတွေနဲ့ မစိမ်းတဲ့ ဒေသ

သုံးသပ်ချက် – ဘီဘီစီ တယ်လူဂူ အယ်ဒီတာ ဂျီ အက်စ် ရမ် မိုဟမ်း

ရဲတွေက လက်လွန်သွားတဲ့ သတ်ဖြတ်မှုတွေ ဆိုတာ ဒီနိုင်ငံ ဒီဒေသမှာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ရဲတွေ လုပ်ရင်း ကိုင်ရင်းနဲ့ တရားလက်လွတ် သတ်ဖြတ်မိတာတွေ ဒီဒေသမှာ ဖြစ်လေ့ရှိပါတယ်။

၁၉၈၀ ကျော်နှစ်တွေကနေ ၁၉၉၀ ကျော်နှစ်တွေအထိ ဖြစ်ခဲ့ မော်ဝါဒီ သူပုန်တွေနဲ့ တိုက်ခိုက်မှုတွေမှာ အခုလို သတ်ဖြတ်မှုတွေ အများကြီး ဖြစ်ခဲ့ပါတယ်။

ဒေသခံ ရဲမှူးချုပ်ကိုယ်တိုင်လည်း အရင်က ဒီလို အဖြစ်မျိုးကြုံ ခဲ့ဖူးပါတယ်။

အဲဒီ အချိန်တုန်းက သူက ရဲအုပ် အဖြစ်နဲ့ပါ။ အမျိုးသမီးတစ်ယောက်ကို အက်ဆစ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ သံသယရှိသူသုံးယောက်ကို မှုခင်းနေရာဆီ ပြန်ခေါ်သွားတုန်းမှာ အဲဒီလူတွေ ရဲလက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။

အဲဒီတုန်းကလည်း အခုလိုပဲ သရုပ်ပြဖို့ ပြန်ခေါ်သွားတုန်းမှာ အဲဒီလူတွေက ထွက်ပြေးဖို့လုပ်လို့ အသတ်ခံခဲ့ရတာပါ။

သူကိုလည်း အင်မတန် မြှောက်စားချီးကျူးခဲ့ကြပြီး သူရဲကောင်း ဖြစ်လာပါတယ်။

ဓားစာခံ အမျိုးသမီး မိသားစုက ဘယ်လို တုံ့ပြန်သလဲ

“ပြောမပြတတ်အောင်ပဲ။ ဝမ်းလည်း ဝမ်းသာတယ်။ ဝမ်းလည်းနည်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်မသမီးလေးက အိမ်ကို ဘယ်တော့ ပြန်လာနိုင်မှာ မဟုတ်လို့ပါ” လို့ သေဆုံးသူရဲ့ အမေက ပြောပါတယ်။

“သမီးက အခုတော့ ငြိမ်းချမ်းသွားပြီပေါ့။ တရားမျှတမှုကိုလည်း ရခဲ့ပါပြီ။ ဒီလို တရားမျှတမှု ပြန်ရလာလိမ့်မယ်လို့ ကျွန်မ လုံးဝ ထင်မထားပါဘူး” လို့ သူက ပြောပါတယ်။

လိင်အကြမ်းဖက်မှုနဲ့ မုဒိမ်းမှုတွေအတွက် ဥပဒေတွေ ပိုတင်းတင်းကြပ်ကြပ် ရှိသင့်တယ်လို့လည်း သူက ပြောပါတယ်။

“သူတို့တွေ အပြစ်ပေးခံရမယ်ဆိုတာသိရင် ယောက်ျားတွေက မိန်းမတွေကို စိုက်ကြည့်ဖို့တောင် ကြောက်နေရမှာ” လို့လည်း သူက ပြောပါတယ်။

လူအများရဲ့ တုံ့ပြန်မှု

အခု ရဲတွေရဲ့ လုပ်ရပ်ကို ဆိုရှယ်မီဒီယာတွေပေါ်မှာ အများအပြား ချီးကျူးအောင်ပွဲခံနေကြပါတယ်။

လူတော်တော်များများက တွစ်တာနဲ့ ဖေ့စ်ဘွတ်ခ်မှာ “တရားမျှတမှုကို ဆောင်ကြဉ်းပေးခဲ့ပြီ” လို့ ရဲတွေကို ချီးကျူးကြပါတယ်။

၂၀၁၂ တုန်းက မြို့တော် ဒေလီမှာ ဘတ်စ်ကားပေါ် မုဒိမ်းကျင့်ခံရပြီး သေဆုံးသွားတဲ့ ကျောင်းသူလေးရဲ့ အမေကလည်း အခု ရဲတွေက ပစ်သတ်လိုက်တာကို ချီးကျူးခဲ့ပါတယ်။

“အခုလို အပစ်ပေးလိုက်တာကို ကျွန်မ အရမ်း အရမ်းကို ဝမ်းသာတယ်။ ရဲတွေက အင်မတန် တော်တယ်” လို့ ANI သတင်း အေဂျင်စီကို ပြောပါတယ်။

အဲဒီလူတွေ သတ်ဖြတ်ခံရတဲ့ နေရာမှာ လူ ၂၀၀၀ လောက် ရောက်နေပြီး ကားတွေလည်း ပိတ်ကုန်တယ်လို့ အဲဒီနေရာကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဆာတစ်ရှ် ဘော်လာက ပြောပါတယ်။ လူတွေက ရဲတွေကို နှင်းဆီပွင့်ဖတ်တွေ ကြဲချ နေကြတယ်လို့ ပြောပါတယ်။

ရဲတွေက ဒီလူတွေကို ပစ်မသတ်မိအောင် လုပ်လို့ရလား

လူတချို့ကတော့ ရဲတွေ ပြန်ပြောပြတာအပေါ် မေးခွန်းထုတ်ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးမှာ အဓိကနေရာက ပါခဲ့တဲ့ အငြိမ်းစား ရဲအရာရှိ ပရာကက်ရှ်က အခုလို ပစ်သတ်တာမျိုး မဖြစ်အောင် လုပ်ကို လုပ်နိုင်တယ်လို့ ပြောပါတယ်။

သံသယရှိသူတွ အသတ်ခံရတဲ့နေရာကို လူတွေ စုဝေးရောက်လာကြ

BBC
သံသယရှိသူတွ အသတ်ခံရတဲ့နေရာကို လူတွေ စုဝေးရောက်လာကြ

“အချုပ်ထဲကလူတွေကို တရားရုံးထုတ်တာတို့ အခင်းဖြစ်ရာဆီ ပြန်ခေါ်သွားတာတို့မှာ သေချာ သတိကြီးကြီးထားပြီး လုပ်သင့်တယ်”

“သူတို့ကို သေချာ လုံခြုံရေး ပေးရမယ်။ လက်ထိပ်ခတ်ထားရမယ်။ အပြင်မထုတ်သွားခင် သေချာ စစ်ဆေးရှာဖွေရမယ်။ ရဲတွေ သေချာ သတိမထားရင် ဘာမဆို ဖြစ်သွားနိုင်တယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ အခု ဖြစ်ရပ်က တရားလက်လွတ် သတ်လိုက်တာလားဆိုတာကို ပြောဖို့တော့ အရမ်း စောလွန်းသေးတယ်လို့ သူက ပြောပါတယ်။

အဲဒီ မုဒိမ်းကျင့်၊ လူသတ်မှု ဖြစ်အပြီး နောက်ရက်တွေမှာ ဟိုက်ဒရာဘတ် ရဲစခန်းရှေ့မှာ လူတွေ ထောင်နဲ့ချီ ပြီး ဆန္ဒလာပြကြပါတယ်။ လူသတ်သမားတွေကို သေဒဏ်ပေးရမယ်ဆိုပြီး ပြင်းပြင်းထန်ထန် တောင်းဆိုကြပါတယ်။

ဘောလီးဝုဒ် သရုပ်ဆောင်ဟောင်း အခု အထက်လွှတ်တော်အမတ် ဂျယား ဘတ်ချန်းက အခု သံသယရှိသူတွေကို လူအုပ်က ဝိုင်းအပြစ်ပေး စီရင်သင့်တယ်လို့ ဒီသီတင်းပတ် အစောပိုင်းမှာ ပြောခဲ့ပါတယ်။

အခုလို ရက်ရက်စက်စက် အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်တာကို တခြား အမတ်အတော်များများကလည်း ဝိုင်းပြီး ရှုတ်ချခဲ့ကြပါတယ်။

နိုင်ငံထဲက တခြားနေရာတွေမှာလည်း ဆန္ဒပြတောင်းဆိုမှုတွေ၊ ဓားစာခံအတွက် ဆုတောင်းပွဲတွေ လုပ်ခဲ့ကြပါတယ်။

အိန္ဒိယ ဥပဒေအရ ဓားစာခံ မိန်းကလေး ဘယ်သူ ဘယ်ဝါဆိုတာကိုတော့ ထုတ်ပြော မရပါဘူး။

သေဆုံးသူ အမျိုးသမီးအတွက် မြို့တော် ဒေလီမှာ ဆုတောင်းပွဲ လုပ်ခဲ့ကြ

Reuters
သေဆုံးသူ အမျိုးသမီးအတွက် မြို့တော် ဒေလီမှာ ဆုတောင်းပွဲ လုပ်ခဲ့ကြ

ဒီမိန်းကလေး ဘယ်လို အသတ်ခံခဲ့ရတာလဲ

သူဟာ ညနေ ၆ နာရီလောက်မှာ ဆိုင်ကယ်နဲ့ အိမ်က ထွက်သွားခဲ့ပါတယ်။

နောက်တော့ သူ့ဆိုင်ကယ်ဘီး လေမရှိတော့လို့ လော်ရီကားမောင်းသမားတစ်ယောက်က သူ့ကို ကူညီနေတယ်လို့ အိမ်ကို ဖုန်းဆက်လှမ်းပြောခဲ့ပါတယ်။

အဲဒီနောက်ပိုင်း သူ့ဆီကို ဘယ်လိုမှ ထပ်ဆက်သွယ်လို့ မရတော့ပါဘူး။ နောက်တော့ ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့မှာ ခုန်းကျော်ကားလမ်းအောက်မှာ သူ့အလောင်းကိုပဲ ပြန်တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အပတ်မှာ ရဲ သုံးယောက်လည်း တာဝန်က ခေတ္တရပ်ထားခံရပါတယ်။ ဒီမိန်းကလေး ပျောက်ဆုံးတာကို မိသားစုက ရဲကို သွားတိုင်တဲ့အခါ ရဲတွေက မြန်မြန်ဆန်ဆန် အရေးမယူပေးဘူးဆိုပြီး မိသားစုက စွပ်စွဲခဲ့တဲ့အတွက် အရေးယူခံရတာပါ။

အဲဒီတုန်းက ရဲတွေက ဒီအမျိုးသမီး ချစ်သူနောက် လိုက်သွားတာ ဖြစ်မယ်လို့ ပြောခဲ့တဲ့အကြောင်း သူ့ဆွေမျိုးတွေက အစိုးရဖွဲ့ပေးထားတဲ့ အမျိုးသမီးရေးရာ ကောက်မရှင်ကို ပြောခဲ့ပါတယ်။

အိန္ဒိယမှာ အမျိုးသမီးတွေ လုံခြုံလား

၂၀၁၂ ဒီဇင်ဘာ မှာ မိန်းကလေးငယ်လေးတစ်ယောက် မြို့တော် ဒေလီက ဘတ်စ်ကားပေါ်မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရပြီးနောက် လိင်အကြမ်းဖက်မှုနဲ့ မုဒိမ်းမှု ဆန့်ကျင်တိုက်ဖျက်ရေးကို အိန္ဒိယမှာ အာရုံစိုက်လုပ်နေပါတယ်။

ဒါပေမဲ့ မိန်းကလေးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ လျော့ကျသွားမယ့် အရိပ်အယောင် မမြင်ရသေးပါဘူး။

အစိုး၇က ထုတ်တဲ့ အချက်အလက်တွေအရ ၂၀၁၇ မှာ အိန္ဒိယမှာ မုဒိမ်း ၃၃,၆၅၈ မှု ဖြစ်ခဲ့ပါတယ်။ အဲဒါဟာ နေ့တိုင်း မုဒိမ်းမှု ၉၂ မှု ပျမ်းမျှ ဖြစ်နေတယ်ဆိုတဲ့ သဘောပါပဲ။

บทความก่อนหน้านี้‘แพท’ ตกใจ โพสต์ใส่บิกินี ไลก์เป็นแสน เผยเรสซิ่งชอบโฟรเซ่น อยากเป็นเอลซ่า รับมีกังวล
บทความถัดไปดนุรุจโกรธจัด ที่เห็นเสี่ยฮะอุ้มส้วมเข้ามาในงาน ด้วยสภาพหมดสติ