လယ်တီဆရာတော်ကစတဲ့ ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူများ

ရန်ကုန်တက္ကသိုလ် တည်ထောင်စကတည်းက မြန်မာပြည်က နာမည်ကျော် ပညာရှင်တွေကို ပါရဂူဘွဲ့တွေ ဂုဏ်ထူးဆောင်အဖြစ် ပေးအပ်တဲ့ အစဉ်အလာ ရှိခဲ့ပါတယ်။ စာပေ၊ ဥပဒေ နယ်ပယ်မှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို ပေးရာက တက္ကသိုလ်အတွက် လှူဒါန်းတဲ့ လူချမ်းသာတွေနဲ့ စစ်ပြီးခေတ်မှာ နိုင်ငံခြား ခေါင်းဆောင်တွေကို ပေးတာတွေ ရှိလာပါတယ်။

ဂုဏ်ထူးဆောင်သိပ္ပံပါရဂူဘွဲ့ကို ပေးဖို့ စီစဉ်ခဲ့ပေမယ့် ပေးခဲ့တဲ့ မှတ်တမ်းတော့ မတွေ့သေးပါဘူး။

စာပေပါရဂူများ

လယ်တီဆရာတော်

မျက်စိမမြင်တော့တဲ့ လယ်တီဆရာတော်ဟာ ၁၉၂၁ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံး ဘွဲ့နှင်းသဘင်ကို တက်ပြီး ဘွဲ့မယူနိုင်ခဲ့ပါဘူး။ ၁၉၁၄ က မြန်မာနိုင်ငံမှာ လက်ထောက်ဘုရင်ခံက ပထမဆုံးကပ်တဲ့ အဂ္ဂမဟာပဏ္ဍိတဘွဲ့ကိုလည်း လယ်တီ ဆရာတော် ဆက်ကပ်ခံခဲ့ရဖူးပါတယ်။ ဋီကာများစွာကို ပြုစုပြီး အရပ်သားတွေ နားလည်အောင် မြန်မာစာကို အဓိကသုံးတဲ့ လယ်တီဆရာတော်ဟာ ပြည်ပက ဗုဒ္ဓ ဘာသာ စိတ်ဝင်စားသူတွေမေးတဲ့ ဘာသာရေးပုစ္ဆာတွေကို ဖြေကြားခဲ့ပါတယ်။ နွားမေတ္တာစာ ကိုရေးပြီး အမဲသားစားတာကို ဆန့်ကျင်တဲ့ သူ့လှုပ်ရှားမှုကိုလည်း လူသိများပြီး လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ လယ်တီဦးကောဝိဒ၊ လယ်တီဦးလှတင် စတဲ့ လယ်တီအနွယ် တပည့်ကြီးတွေကို မွေးထုတ်ခဲ့ပါတယ်။

လယ်တီဆရာတော်နဲ့ ခေတ်ပြိုင်ထင်ရှားတဲ့ မန်လည်ဆရာတော်၊ မဟာဝိသုဒ္ဓါရုံဆရာတော်တို့ကို တက္ကသိုလ်က ဘွဲ့ဆက်ကပ်တာတော့ မရှိခဲ့ပါဘူး။

တောင်ခွင်သာသနာပိုင် ဆရာတော်

မြန်မာပြည်မှာ နောက်ဆုံး အစိုးရအသိအမှတ်ပြုခံရတဲ့ သုဓမ္မာဂိုဏ်းကြီးရဲ့ သာသနာပိုင် တောင်ခွင်ဆရာတော်ကို ရန်ကုန်တက္ကသိုလ်က ၁၉၃၂ မှာ စာပေပါရဂူဘွဲ့ ကပ်ခဲ့ဖူးပါတယ်။ သာသနာရေး အဆုံးအဖြတ်ဆိုင်ရာ ဝိနိစ္ဆယကျမ်း ၈ဝ ကျော်ကို ပြုစုခဲ့လို့ ဆက်ကပ်တာပါ။ သာသနာပိုင်ကိုယ်စား သစ်တောရေးဝန်ကြီးချုပ် ဆာဂျေအေမောင်ကြီးက လက်ခံပါတယ်။ တောင်ခွင်သာသနာပိုင်ဟာ သီပေါမင်းလက်ထက်က ဘွဲ့တံဆိပ်ကပ်ခံခဲ့ရသလို ၁၉ဝ၃ မှာလည်း လက်ထောက် ဘုရင်ခံက ကြီးမှူးပြီး သာသနာပိုင် တင်မြှောက်ခံရပါတယ်။ ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့ကိုလည်း သူ့ကိုယ်စားလှယ် အဖြစ် ဝတ်လုံဘွဲ့ရနှစ်ယောက်ကို စေလွှတ်ခဲ့ပါတယ်။

ရွှေမြို့တော်ဝန်ဟောင်း ဦးပေစိနဲ့ ညီအစ်ကိုတော်စပ်တယ်လို့လည်း ဆိုသလို ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ဖြစ်ခဲ့တဲ့ ဦးဖေမောင်တင်ရဲ့ အဘိုးလေးလည်း ဖြစ်ပါတယ်။

ဦးရွှေဇံအောင်

၁၉၃၂ မှာ စာပေပါရဂူဘွဲ့ပေးဖို့ စီစဉ်ပြီး ကွယ်လွန်သွားလို့ မပေးခဲ့ရသူက ရခိုင်လူမျိုး ယစ်မျိုးမင်းကြီးဟောင်း ဦးရွှေဇံအောင် ဖြစ်ပါတယ်။ သူဟာ သင်္ဂြိုဟ်ယမိုက် နဲ့ ကထာဝတ္ထု ဆိုတဲ့ ဗုဒ္ဓအဘိဓမ္မာ ကျမ်း သုံးစောင်ကို အင်္ဂလိပ်လို ပြန်ဆို ခဲ့သလို လောဂျစ်ကို တက္ကဗေဒ အဖြစ် မြန်မာလို ပြန်ဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံသုတေသနအသင်းမှာလည်း ဆောင်းပါးတွေရေးခဲ့ပြီး လန်ဒန်က ပါဠိနဲ့ ဗုဒ္ဓဘာသာ ဆိုင်ရာ စာစောင်တွေမှာ ရေးသားခဲ့ပါတယ်။

ဦးဖေမောင်တင်

ရန်ကုန်တက္ကသိုလ်ကောလိပ်ရဲ့ ပထမဆုံး မြန်မာကျောင်းအုပ်ကြီးနဲ့ မြန်မာထဲက အစောဆုံး ပါမောက္ခရာထူးရခဲ့တဲ့ ဦးဖေမောင်တင်ကို ၁၉၅၇ မှာ စာပေပါရဂူဘွဲ့အပ်နှင်းခဲ့ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ် က စာပေဘွဲ့ရတဲ့ ဦးဖေမောင်တင်ဟာ မြန်မာစာကို တက္ကသိုလ်မှာ တိုးမြှင့်သင်ကြားရေးနဲ့ ခေတ်စမ်းစာပေဆိုပြီး စာပေပုံစံသစ် ပေါ်လာအောင် အားပေးခဲ့ပါတယ်။ အဌသာလိနီ နဲ့ ဝိသုဒ္ဓိမဂ်ကျမ်း ကို အင်္ဂလိပ်လို ပြန်ဆိုခဲ့ပြီး မြန်မာနိုင်ငံသုတေသနအသင်း ဥက္ကဋ္ဌအဖြစ် လေးကြိမ်ဆောင်ရွက်ခဲ့သလို သမိုင်းကော်မရှင်ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါတယ်။ မြန်မာစာပေသမိုင်း ကိုလည်း မြန်မာလို ပြုစုခဲ့ပြီး မှန်နန်း ရာဇဝင် ပုဂံခေတ်အပိုင်းကိုလည်း ယောက်ဖဖြစ်သူ လုစ်နဲ့ ပူးတွဲပြန်ဆို ခဲ့ပါတယ်။

ဂေျအက်စ်ဖာနီဗယ်

မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာမှာ ကမကထပြုခဲ့တဲ့ မစ္စတာဖာနီဗယ်ဟာ ကြေးတိုင်မင်းကြီးဟောင်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကျမ်းတွေ ပြုစုခဲ့သူဖြစ်ပါတယ်။ ဦးကြီးလို့ မြန်မာတွေက ချစ်စနိုး ခေါ်ကြတဲ့ ဖာနီဗယ်ဟာ ဂန္ထလောကမဂ္ဂဇင်း ကို ထုတ်ဝေခဲ့ပြီး ဦးသန့်၊ ဇော်ဂျီ၊ မင်းသုဝဏ်စတဲ့ ပညာတတ်လူငယ်စာရေးဆရာတွေကို ပျိုးထောင်ပေးခဲ့ပါတယ်။ သူရေးခဲ့ တဲ့အထဲမှာ လွတ်လပ်ရေးရပြီးနောက် မြန်မာအစိုးရရဲ့ စီးပွားရေး အကြံပေး ဖြစ်ခဲ့ပြီး သတိုးသီရိသုဓမ္မဘွဲ့ကို ရရှိခဲ့ပါတယ်။ သူ့လက်ရာတွေထဲမှာ မြန်မာပြည်ရဲ့ စီးပွားရေးဘောဂဗေဒ နဲ့ ကိုလိုနီလမ်းစဉ် နဲ့ ကျင့်သုံးပုံ စာအုပ်တွေက အထူးထင်ရှားပါတယ်။ ၁၉၅၇ မှာ ရန်ကုန်တက္ကသိုလ်က သူ့ကို စာပေ ပါရဂူဘွဲ့ပေးပါတယ်။

ပါမောက္ခ လုစ်

မြန်မာအစ ကျောက်ဆည်က သမိုင်းအယူအဆကို တင်ပြခဲ့တဲ့ မစ္စတာလုစ်ဟာ အောက်စဖိုဒ့်တက္ကသိုလ်က ဘွဲ့ရပြီး ရန်ကုန်ကောလိပ်မှာ အင်္ဂလိပ်စာသင်ပြရင်းက ပုဂံသမိုင်းကို အာရုံကျခဲ့သူဖြစ်ပါတယ်။ ခေတ်ဟောင်းမြန်မာပြည် နဲ့ အစောပိုင်းပုဂံ အကြောင်း သူရေးတဲ့ သမိုင်းစာအုပ်ကြီးကလည်း ခုထိ ထုတ်သမျှ ပုဂံအကြောင်းတွေထဲမှာ အထင်ရှားဆုံးနဲ့ အစုံလင်ဆုံးတအုပ် ဖြစ်ပါတယ်။

မစ္စတာလုစ်ဟာ တောင်ပေါ်နေ လူမျိုးစုတွေအကြောင်း လေ့လာရာမှာလည်း ထင်ရှားပြီး တရုတ်ဘက်က အထောက်အထားတွေ သုံးပြီး မြန်မာသမိုင်းရေးသားခဲ့သူ ဖြစ်ပါတယ်။ မင်းသုဝဏ်ရဲ့ မောင်ခွေးဖို့ ကဗျာများ ကိုလည်း ဦးခင်ဇော်နဲ့ အတူ အင်္ဂလိပ်လို ပြန်ဆိုပေးခဲ့ပါတယ်။

ဦးဘ

ရန်ကုန်တက္ကသိုလ် ပညာရေး မဟာဌာနမှူး ဖြစ်ခဲ့တဲ့ ဦးဘကိုလည်း ၁၉၅၇ မှာ စာပေပါရဂူဘွဲ့ပေးခဲ့ပါတယ်။ လန်ဒန်နဲ့ အီဒင်ဘာရာတက္ကသိုလ်တွေက ပညာရေးဘွဲ့ယူခဲ့တဲ့ ဦးဘဟာ ၁၉၃၆ မှာ မြန်မာထဲက ပထမဆုံး ဆရာ ဖြစ်သင်ကောလိပ် ကျောင်းအုပ်ကြီး ဖြစ်ခဲ့ပါတယ်။ နံရံပန်းချီတွေနဲ့ ကျောင်းကြီးကို အလှဆင်ခဲ့သူလည်း ဖြစ်သလို ရေဒီယိုကနေ သင်ခန်းစာတွေကို ၁၉၃၉ ကတည်းက စမ်းသပ် ထုတ်လွှင့်ခဲ့ပါတယ်။ စစ်ပြီးခေတ်မှာ အရေးပေါ် တက္ကသိုလ်သင်တန်းတွေ ဖွင့်ဖို့ စီစဉ်ခဲ့ပြီး တက္ကသိုလ်အုပ်ချုပ်ရေး အရာရှိ သုံးယောက်အနက် တယောက်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

ဦးဝန်-ဦးဘ မြန်မာဖတ်စာ ကို မင်းသုဝဏ်နဲ့ ပူးတွဲပြုစုခဲ့ပြီး ၁၉၅၈ မှာ မဟာသရေစည်သူဘွဲ့ကို ရခဲ့ပါတယ်။ ပညာမင်းကြီးအဖြစ်နဲ့လည်း ပညာရေးဌာနကို အုပ်ချုပ်ခဲ့ပါတယ်။ ဦးဘဟာ သီပေါမင်းခေတ် က ရွှေတိုက်ဝန်နဲ့ ဗြိတိသျှခေတ်မှာ အိန္ဒိယလွှတ်တော်အမတ်ဖြစ်တဲ့ ပေါက်မြိုင်မြို့စားဦးလှဘူးရဲ့သမက်လည်းဖြစ်ပါတယ်။

ဥပဒေပါရဂူများ

burma

BBC
သမဂ္ဂဒကာ စပါးပွဲစားကြီး ဒေါက်တာဦးညို

ဦးညို

တက္ကသိုလ် သမဂ္ဂအဆောက်အဦကို လှူတဲ့ ပုဇွန်တောင်သူဌေး ဦးညိုကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ပေးလို့ ဒေါက်တာဦးညိုလို့ ခေါ်ကြပါတယ်။ တက္ကသိုလ်အတွက် သူလှူတဲ့ ငွေနှစ်သိန်းထဲက တသိန်းခုနစ်သောင်းကို သမဂ္ဂဆောက်ပြီး ကျန်တဲ့ငွေကို လှေလှော်အသင်းရုံဆောက်ရာမှာ သုံးပါတယ်။ အဲဒီက ကျန်သေးတဲ့ ပိုက်ဆံကို တက္ကသိုလ်ဓမ္မာရုံဆောက်ရာမှာ သုံးစွဲပါတယ်။

၁၉၂၉ မှာ သမဂ္ဂဆောက်ပြီး ၁၉၃ဝ မှာ ဖွင့်ပါတယ်။ ဒီလို လှူဒါန်းမှုတွေအတွက် ၁၉၂၇ ဒီဇင်ဘာမှာ အထူးဘွဲ့နှင်းသဘင်ကျင်းပပြီး သူ့ကို ဒေါက်တာဘွဲ့ပေးတာ ဖြစ်ပါတယ်။ တက္ကသိုလ် လှေလှော်အသင်း မှာလည်း ဦးညိုဖလားဆု ပေးခဲ့ပါတယ်။

သုံးခွမှာ ဆေးရုံနဲ့ သားဖွားဆောင်အတွက် ငွေတသိန်းလှူသလို ပုဇွန်တောင်မှာ ဗုဒ္ဓပိဋကတ်တိုက်ဆောက်ဖို့ ခြောက်သောင်းလှူခဲ့ပါတယ်။ သမာဓိမြို့ဝန်ဦးညိုဟာ စပါးပွဲစားဘဝကနေ ချမ်းသာလာသူ ဖြစ်ပါတယ်။ အိန္ဒိယ ကြက်ခြေနီအသင်းမှာလည်း ဒုတိယနာယကဖြစ်ပါတယ်။

ရာဂျာ ရာမာနသာ ရဲဒီးယား

တမီးလ်နွယ်ဖွား အလှူရှင် ရဲဒီးယားက ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် အဆောက်အအုံအတွက် ၁၉၂၇ မှာ နှစ်သိန်း လှူဒါန်းလို့ သူ့ကို ဒေါက်တာဘွဲ့ပေးခဲ့ပါတယ်။ ၁၉၂၅ ထဲက ရန်ကုန်တက္ကသိုလ် သဟာယအဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။ သူ့အမှတ်တရ ကြေးရုပ် စာကြည့်တိုက် မှာ ထားခဲ့ ပေမယ့် ၁၉၆၄ ခုနှစ်မှာ မြန်မာပြည်က အိန္ဒိယနွယ်ဖွားတွေ ပြန်ပို့ခံရတဲ့အချိန်မှာ စိတ်ချရအောင် ရဲဒီးယား လှူထားတဲ့ ဟိန္ဒူဘုရားကျောင်းကို ပို့ထားခဲ့ရပြီး ၂ဝ၁၉ ကမှ စာကြည့်တိုက်မှာ ပြန်လည် ထားရှိနိုင်ပါတယ်။

ရဲဒီးယား ဟာ ပုဇွန်တောင် အထက (၁) ကျောင်းကို လှူခဲ့သူဖြစ်ပြီး ရန်ကုန်တိရစ္ဆာန်ရုံထဲက ငှက်လှောင်အိမ်ကိုလည်း လှူခဲ့ပါတယ်။ ရွှေတိဂုံစေတီမှာလည်း ကျောက်မျက်ရတနာတွေ လှူခဲ့ပါတယ်။ သမာဓိမြို့ဝန်ဖြစ်ခဲ့သလို ရောင်းဗဟာဒူးနဲ့ ရာဂျာဘွဲ့တွေ ရခဲ့ပါတယ်။

ရဲဒီးယားကွင်းလို့ ဒလမှာ ရှိခဲ့သလို ဗဟန်းက ဝင်္ကပါလမ်းသွယ်ကိုလည်း တချိန်က ရဲဒီယားအဲဗင်းနယူးလို့ ခေါ်ခဲ့ပါတယ်။

ဆာဘန်ဂျမင်ဟီးလ်ဒ်

အောက်စဖို့ဒ်တက္ကသိုလ်က မဟာဝိဇ္ဇာဘွဲ့ရ ဘန်ဂျမင်ဟီးလ်ဒ်ဟာ ၁၉၂၂ က စပြီး ဟိုက်ကုတ်တရားဝန်ကြီးဖြစ်ပြီး ၁၉၂၇ က ၁၉၃၁ ထိ ရန်ကုန်တက္ကသိုလ် ဒုတိယအဓိပတိ ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ် ရန်ပုံငွေ ထိန်းသိမ်းရေးအဖွဲ့ဝင် ဖြစ်သလို ဥပဒေပြင်ပစာစစ် လည်း ဖြစ်ပါတယ်။ ၁၉၃၂ က ဥပဒေပါရဂူဘွဲ့ရပြီး ဘွဲ့ပေးချိန်မှာ အဝေးရောက်နေပါတယ်။

ဦးဆက်

ရန်ကုန်စည်ပင်သာယာမင်းကြီး ဖြစ်ခဲ့တဲ့ ဦးဆက်ကိုလည်း ၁၉၃၇ မှာ တက္ကသိုလ်က ဥပဒေပါရဂူဘွဲ့ပေးပါတယ်။ ဦးဆက်ဟာ ၁၉၃၁ မှာ မြန်မာထဲက ပထမဆုံး တက္ကသိုလ် ဒုတိယအဓိပတိဖြစ်ခဲ့ပြီး လက်ထောက်စာရင်းမင်းကြီး လည်း ဖြစ်ခဲ့ပါတယ်။ ဂျပန်ခေတ်မှာ ရန်ကုန်မြို့တော်ဝန်နဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုဘဏ် ဒုတိယဥက္ကဋ္ဌနဲ့ ဒါရိုက်တာအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ဂုဏ်ထူးဆောင် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိအဖြစ်လည်း ၁၉၄၆ မှာ ဆောင်ရွက်ခဲ့ပါတယ်။

၁၉၃၇ မှာ စီအိုင်အီးနဲ့ ၁၉၅ဝ မှာ သရေစည်သူဘွဲ့တွေ ရခဲ့ပါတယ်။ နာမည်ကျော် မင်းလက်ဝါးရဲ့ ဇနီးတယောက်ရဲ့ တူဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရမှုမှာ စစ်ဆေးခဲ့ရတဲ့ ရန်ကုန်ရဲမင်းကြီး ဦးအောင်ချိန်ရဲ့ ယောက္ခမလည်း ဖြစ်ပါတယ်။

ပျော်ဘွယ်ဦးမြ

လွတ်လပ်ရေး ရပြီးနောက် ပထမဆုံး လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ပျော်ဘွယ်ဦးမြကို ၁၉၅၂ မှာ ရန်ကုန်တက္ကသိုလ်က ပါရဂူဘွဲ့ပေးပါတယ်။ သတိုးသီရိသုဓမ္မဘွဲ့လည်း ရပါတယ်။ ဂျပန်ခေတ်ကစပြီး ဝန်ကြီးဖြစ်ခဲ့တဲ့ ဦးမြဟာ အာဇာနည်လုပ်ကြံမှုမှာ အသက်မသေဘဲ လွတ်မြောက်ခဲ့ပါတယ်။

ဆာမြဘူး

မြန်မာထဲက ပထမဆုံးတရားဝန်ကြီးချုပ် ဖြစ်တဲ့ ဆာမြဘူးကို ၁၉၅၂ မှာ တက္ကသိုလ်က ဥပဒေပါရဂူဘွဲ့ပေးပါတယ်။ ၁၉၂၁ က ၁၉၂၆ အတွင်း တက္ကသိုလ်မှာ ဥပဒေကထိကအဖြစ် ပို့ချခဲ့တဲ့ ဆာမြဘူးဟာ ၁၉၂၆ မှာ တရားဝန်ကြီးဖြစ်ခဲ့ပါတယ်။ ၁၉၃၇ က ဆာဘွဲ့ရပါတယ်။ ၁၉၂ဝ တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေးအတွက် မြဘူးကော်မတီက အစီရင်ခံစာ တင်ခဲ့ပြီး ၁၉၃၈ ခုနှစ်က တက္ကသိုလ်မှာ ဒုတိယ အဓိပတိဖြစ်ခဲ့ပါတယ်။ ဗြိတိသျှခေတ်မှာ တရားဝန်ကြီးချုပ် ခေတ္တဖြစ်ခဲ့ပြီး ဂျပန်ခေတ်မှာလည်း တရားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။

ဆာမြဘူးဟာ စာပေဗိမာန် အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ဆာမြဘူးဟာ တက္ကသိုလ်မှာ မြန်မာစာရွှေတံဆိပ်ဆုပေးတဲ့ ပျဉ်းမနားမြေပိုင်ရှင် ဒေါ်စာဥရဲ့သမက်ဖြစ်ပါတယ်။

ဆာဘဦး

၁၉၅၂ မှာ တက္ကသိုလ်က ဥပဒေပါရဂူဘွဲ့ပေးပြီးနောက် ဒေါက်တာဘဦးလို့ ခေါ်ကြသလို သမ္မတအဖြစ် အရွေးခံရပြီးနောက်လည်း ဆာဘဦး ဆာဘွဲ့ကို စွန့်လွှတ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက် ပထမဆုံး တရားဝန်ကြီးချုပ်ဖြစ်တဲ့ ဒေါက်တာဘဦး ဟာ မြန်မာထဲက ပထမဆုံး သမ္မတဖြစ်ခဲ့သလို သမ္မတကအနားယူပြီးနောက် အစိုးရအကြံပေးကော်မတီ ဥက္ကဋ္ဌအဖြစ်လည်း ၁၉၆၂ အာဏာသိမ်းပြီးချိန် ထိ ဆောင်ရွက်ခဲ့ပါတယ်။ အဂ္ဂမဟာသီရိသုဓမ္မနဲ့ အဂ္ဂမဟာသရေစည်သူ ဘွဲ့တွေလည်း အပ်နှင်းခံရပါတယ်။

ကိန်းဘရစ်တက္ကသိုလ်မှာ မဟာဝိဇ္ဇာဘွဲ့ယူခဲ့ပြီး ဝတ်လုံအဖြစ် အမှုလိုက်ရာက တရားသူကြီးဖြစ်လာခဲ့သူပါ။ သူ့ဖခင် အရေးပိုင်ဟောင်း ဦးဘိုးလှဟာလည်း ဗြိတိသျှခေတ်မှာ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ ကျွန်ုပ်၏မြန်မာနိုင်ငံ ဆိုပြီး အင်္ဂလိပ်ဘာသာနဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကိုလည်း ရေးသားခဲ့ပါတယ်။

ဦးဧမောင်

မြန်မာနိုင်ငံရေးမှာ တချိန်က ထင်ရှားခဲ့တဲ့ ဒေါက်တာဧမောင်ဟာ ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ရ ဖြစ်ပါတယ်။ လွှတ်တော်ချုပ် တရားဝန်ကြီးနဲ့ တက္ကသိုလ် ဒုတိယအဓိပတိ တာဝန် ယူချိန် ၁၉၅၂ မှာ ဒေါက်တာဘွဲ့ရခဲ့တာ ဖြစ်ပါတယ်။

၁၉၂၁ က ကိန်းဘရစ်တက္ကသိုလ်က ဥပဒေဘွဲ့ရခဲ့ပြီး ၁၉၂၆ က ၁၉၃၂ အတွင်း ရန်ကုန်တက္ကသိုလ်မှာ ဥပဒေကထိက ဖြစ်ခဲ့ပါတယ်။ ၁၉၄၅ မှာ အစိုးရရှေ့နေချုပ်ဖြစ်ပြီး ၁၉၄၆ က ဂျပန်က နိုင်ငံတကာ ခုံရုံးမှာ တရားစွဲအရာရှိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၄၉ ပြည်တွင်းစစ်အရှိန်မြင့်ချိန်မှာ သူနဲ့ ဗိုလ်ချုပ်နေဝင်းကို အမတ်မဟုတ်တဲ့ ဝန်ကြီးတွေအဖြစ် အစိုးရမှာ ထည့်သွင်းလို့ နိုင်ငံခြားရေး၊ တရားရေးနဲ့ ကျန်းမာရေး စတဲ့ဌာနတွေကို တာဝန်ယူခဲ့ပါတယ်။

၁၉၅၄ မှာ အစိုးရတာဝန်က နုတ်ထွက်ပြီး တရားမျှတမှုပါတီကို ထောင်သလို လက်ဝဲပါတီတွေနဲ့ ပေါင်းပြီး ပမညတတပ်ပေါင်းစုဖွဲ့ရာမှာလည်း သဘာပတိအဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။ ၁၉၅၈ မှာတော့ ဦးနုရဲ့ သန့်ရှင်း ဖဆပလနဲ့ ပူးပေါင်းခဲ့ပါတယ်။ ၁၉၆ဝ ရွေးကောက်ပွဲအပြီး ပထစအစိုးရမှာ တရားရေး၊ ပညာရေးနဲ့ ပြည်ထဲရေးဝန်ကြီး ဖြစ်ပြီး မန္တလေးတက္ကသိုလ်အဓိပတိတာဝန်ကို ယူခဲ့ပါတယ်။ ၁၉၆၂ အာဏာသိမ်းမှု မှာ ထိန်းသိမ်းခံခဲ့ရပါတယ်။

မြန်မာ့ထုံးတမ်းဥပဒေနဲ့ အခြေခံဥပဒေကျွမ်းကျင်သူဖြစ်ပြီး ဥပဒေစာအုပ်တွေ ရေးခဲ့ပါတယ်။ ကေအက်စ်အမ်နဲ့ သတိုးသီရိသုဓမ္မဘွဲ့တွေ ရခဲ့ပါတယ်။

ဦးဘိုကြီး

၁၉၅၂ မှာ ရန်ကုန်တက္ကသိုလ် ဒုတိယအဓိပတိ ဖြစ်ခဲ့တဲ့ ဦးဘိုကြီးကို တက္ကသိုလ်က ၁၉၅၄ မှာ ဥပဒေပါရဂူဘွဲ့ ပေးခဲ့ပါတယ်။ ဦးဘိုကြီးဟာ မဟာသီရိသုဓမ္မနဲ့ သတိုးမဟာသရေစည်သူဘွဲ့တွေရခဲ့ပြီး ၁၉၆၂ အာဏာသိမ်းပြီးနောက် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

ပါမောက္ခ ဆာအာသာအဂ္ဂါ

ရန်ကုန်တက္ကသိုလ် လှေလှော်အသင်းကို စတင်တည်ထောင်ခဲ့တဲ့ ဥပဒေပါမောက္ခ ဆာအဂ္ဂါကို ၁၉၅၇ မှာ တက္ကသိုလ်က ဥပဒေပါရဂူဘွဲ့ ပေးခဲ့ပါတယ်။ ဆာအဂ္ဂါဟာ လှေလှော်အသင်းက သူ ပါမောက္ခဖြစ်တဲ့ ၁၉၂၃ မှာ တည်ထောင်ပြီး ရာသက်ပန် ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။

ကိန်းဘရစ်တက္ကသိုလ်က မဟာဝိဇ္ဇာဘွဲ့ရတဲ့ ဆာအဂ္ဂါဟာ ရန်ကုန်ကောလိပ်မှာ ၁၈၉၉ ကတည်းက သင်္ချာကထိက ဖြစ်ခဲ့ပါတယ်။ ဟာထာနီ မြန်မာ့အယူသည်းမှု ဆိုတဲ့ ဝတ္ထုကို ၁၉ဝ၆ က ရေးခဲ့သလို အိန္ဒိယ မြန်မာ ဥပဒေများ စာအုပ်ကိုလည်း ရေးခဲ့ပါတယ်။

၁၉၂ဝ ကျော်က မြန်မာပြည် လွှတ်တော်အတွင်းဝန်နဲ့ အမတ်အဖြစ်လည်း ဆောင်ရွက်ခဲ့ပြီး အစိုးရရှေ့နေလည်း ဖြစ်ခဲ့ပါတယ်။ အိန္ဒိယနဲ့ အီဂျစ်မှာလည်း တရားရေးတာဝန်တွေ ထမ်းဆောင်ခဲ့သလို ပထမကမ္ဘာစစ်အတွင်း အရှေ့အလယ်ပိုင်းမှာ ဗြိတိသျှလေတပ်ရဲ့ ဥပဒေအရာရှိဖြစ်ခဲ့ ပါတယ်။

ပါမောက္ခ ဒေါက်တာဘဟန်

မြန်မာထဲက ပထမဆုံး ပါရဂူဘွဲ့ရတဲ့ ဒေါက်တာဘဟန်ကိုလည်း အစိုးရရှေ့နေချုပ် ဖြစ်တဲ့အချိန် ၁၉၅၇ မှာ တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။ ဒေါက်တာဘဟန်ဟာ တက္ကသိုလ်မှာ ဥပဒေ အချိန်ပိုင်း ပါမောက္ခအဖြစ် ၁၉၃၅ ကတည်းက ဆောင်ရွက်ခဲ့သလို မဟာဌာနမှူးအဖြစ်လည်း ၁၉၄၇ မှာ ခန့်အပ်ခံရပါတယ်။ ၁၉၅ဝ မှာ အနားယူပြီးနောက်လည်း ဂုဏ်ထူးဆောင် ပါမောက္ခအဖြစ် ခန့်အပ်ခံရပါတယ်။ ၁၉၅၁ က ၁၉၆၆ အတွင်း တက္ကသိုလ် အင်္ဂလိပ် မြန်မာအဘိဓာန်ကို ပြုစုခဲ့ပါတယ်။ ၁၉၆၁ မှာ သုတေသနအသင်း ဥက္ကဋ္ဌဖြစ်ပါတယ်။

ဒေါက်တာဘဟန်ဟာ ပြင်သစ်နိုင်ငံ ဘော်ဒိုးတက္ကသိုလ်က ၁၉၂၄ က စာပေပါရဂူဘွဲ့ရခဲ့ပြီး ဂျာမနီနိုင်ငံ ဖရိုင်းဘတ်တက္ကသိုလ်က ၁၉၂၅ မှာ ပါရဂူဘွဲ့ရပါတယ်။ ဂျပန်ခေတ်အဓိပတိ ဒေါက်တာဘမော်ရဲ့ အစ်ကိုလည်းဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ် ဖဆပလအစိုးရအကွဲအပြဲမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်မှူးအောင်၊ တရုတ်သံအမတ်ဦးလှမောင် စသူတွေနဲ့အတူ ကြားဝင်စေ့စပ်ပေးခဲ့ပါတယ်။ မဟာသရေစည်သူဘွဲ့လည်း ရခဲ့ပါတယ်။

ပါမောက္ခ ဦးကျော်မြင့်

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးများ လုပ်ကြံခံရမှုမှာ အထူးခုံရုံးနာယကအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးကျော်မြင့်ကို ရန်ကုန်တက္ကသိုလ်က ၁၉၅၈ မှာ ပါရဂူဘွဲ့ပေးပါတယ်။ ဦးကျော်မြင့် ဟာ တက္ကသိုလ် ဥပဒေ မဟာဌာနမှူးအဖြစ်လည်း ၁၉၅ဝ က ၁၉၅၈ အတွင်း ဆောင်ရွက်ခဲ့ပြီး ၁၉၄၈ ကနေ ၁၉၅ဝ အတွင်း လွှတ်တော်ချုပ် တရားဝန်ကြီးဖြစ်ခဲ့ပါတယ်။

စစ်ကြီးမဖြစ်ခင်က မော်-မြင့်-ဗြဲ ပါတီက အိန္ဒိယလွှတ်တော်အမတ် ဖြစ်ခဲ့တဲ့ ဦးကျော်မြင့်ဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လုပ်ကြံခံရတဲ့ ဦးတင်ထွဋ်ရဲ့ ညီဖြစ်ပြီး တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ တက္ကသိုလ်ကျောက်စာဖတ်နဲ့ သမာဓိမြို့ဝန် ဒေါ်မြမူ၊ ပါမောက္ခချုပ် ဒေါက်တာထင်အောင်၊ ခေတ်စမ်းစာဆို ခင်စောမူနဲ့ အင်္ဂလိပ်စာဌာနမှူး ဒေါ်တင်စောမူတို့ရဲ့ အစ်ကို ဖြစ်ပါတယ်။ မြန်မာစာပါမောက္ခ ဦးဧမောင်ရဲ့ ယောက်ဖလည်း ဖြစ်ပါတယ်။

ပါမောက္ခ ဦးမြင့်

စစ်မဖြစ်ခင်ကတည်းက ရန်ကုန်တက္ကသိုလ်မှာ ဥပဒေကထိက ဖြစ်ခဲ့တဲ့ ဦးမြင့်ဟာ စစ်အတွင်းမှာ တရားဝန်ကြီး ဖြစ်ခဲ့ပါတယ်။ ၁၉၅၇ မှာ ဥပဒေပါမောက္ခ ဖြစ်ပြီး ၁၉၅၉ မှာ ပြည်ထောင်စုဘဏ် ဒါရိုက်တာ ဖြစ်ပါတယ်။ သူလည်း ၁၉၅၈ မှာ ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ရပါတယ်။

ဦးမြင့်သိန်း

နောက်ဆုံးတရားဝန်ကြီးချုပ် ဦးမြင့်သိန်းကိုလည်း ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ပေးပါတယ်။ ကိန်းဘရစ်တက္ကသိုလ်က မဟာဝိဇ္ဇာရတဲ့ ဦးမြင့်သိန်းဟာ မြို့မကျောင်းအုပ်ကြီး၊ လွှတ်တော်အမတ်၊ ရန်ကုန်တက္ကသိုလ် သဟာယအဖွဲ့ဝင်၊ စမော်ကော်ရုံး တရားသူကြီး စတာတွေအပြင် ဗြိတိသျှစစ်တပ်မှာ ဗိုလ်မှူးကြီးနဲ့ အရပ်ဘက် ကာကွယ်ရေး မင်းကြီးထိ ဖြစ်ခဲ့ပါတယ်။

ဦးမြင့်သိန်း ဟာ တရုတ်ပြည်ဆိုင်ရာ ပထမဆုံးသံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပြီး တရုတ်ဖြူကျူးကျော်မှုကို ကုလသမဂ္ဂမှာ တိုင်ကြားတဲ့အဖွဲ့ကိုလည်း ခေါင်းဆောင်ခဲ့ပါတယ်။ ၁၉၅၂ မှာ လွှတ်တော် ချုပ် တရားဝန်ကြီးဖြစ်ပြီး တရားဝန်ကြီးချုပ်ဖြစ်ပါတယ်။ အိုဘီအီး၊ ကေအက်စ်အမ်နဲ့ အဂ္ဂမဟာသရေစည်သူဘွဲ့တွေ ရခဲ့ပါတယ်။

၁၉၆၂ ဖက်ဒရယ်တောင်းဆိုမှုအပြီး အာဏာသိမ်းပွဲမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ထောင်တွင်းမှာ ကဗျာတွေ ရေးသားခဲ့ပြီး မောင်မြင့်သိန်းအမည်ခံကာ အောက်စဖို့ဒ်တက္ကသိုလ်က ထုတ်ဝေခဲ့ပါတယ်။ အိပ်ရန်ခက်သောညများမြန်မာကျေးလက်ကဗျာများ စတဲ့ စာအုပ်တွေနဲ့ ပါ။

ပြည်ပဘွဲ့ခံများ

သီဟာနု

၁၉၅၅ မှာ ဆဋ္ဌသင်္ဂါယနာ ကမ္ဗောဇလဝ သန္နိပါတကို ရန်ကုန်မှာ ဖွင့်လှစ်ပေးတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် သီဟာနုကိုလည်း ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ပေးပါတယ်။ သီဟာနု ဟာ ကြားနေဝါဒကျင့်သုံးတဲ့ ဘက်မလိုက် နိုင်ငံအုပ်စုမှာ ပါဝင်ခဲ့ပြီး ဦးနု၊ ဆူကာနိုစတဲ့ ဘက်မလိုက်ခေါင်းဆောင်တွေနဲ့ ရင်းနှီးပါတယ်။

မာရှယ်တီးတိုး

ယူဂိုစလားဗီးယားသမ္မတ မာရှယ်တီးတိုးရဲ့ ၁၉၅၅ မြန်မာပြည်ခရီးမှာ ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့နှင်းပါတယ်။ နိုင်ငံမှာ အမြင့်ဆုံးဖြစ်တဲ့ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ကိုလည်း မြန်မာ အစိုးရက ချီးမြှင့်ပါတယ်။ အရှေ့ဥရောပမှာ ဆိုဗီယက်သြဇာမခံဘဲ ဆိုရှယ်လစ်စနစ် ထူထောင်နိုင်တဲ့ တီးတိုးကို မြန်မာခေါင်းဆောင်တွေက အားကျပြီး ၁၉၈ဝ မှာ သူကွယ်လွန်ချိန်အထိ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ပါတယ်။

ဟိုချီမင်း

၁၉၅၈ ခုနှစ် ဖေဖော်ဝါရီမှာ မြန်မာပြည်ကို ရောက်ရှိလာတဲ့ မြောက်ဗီယက်နမ် သမ္မတ ဟိုချီမင်းကိုလည်း ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ပေးပါတယ်။

ဘန်ဂူရီယန်

၁၉၆၁ ဒီဇင်ဘာမှာ မြန်မာပြည်ကို အလည်လာတဲ့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂူရီယန်ကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ပေးပါတယ်။ ဘန်ဂူရီယန်ဟာ အဲဒီခရီးမှာ ဝန်ကြီးချုပ် ဦးနုရဲ့ မိတ်ဆွေအဖြစ် ဗုဒ္ဓဘာသာကို ရှစ်ရက်ကြာ လေ့လာတရားထိုင်သွားခဲ့တယ်ဆိုပါတယ်။

မြန်မာနဲ့ အစ္စရေးဟာ နိုင်ငံတည်ထောင်ချိန်ကတည်းက ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ကြပါတယ်။ ဘန်ဂူရီယန်ဟာ ၁၉၅၉ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရကာလကလည်း မြန်မာပြည်ကို လာခဲ့ဖူး ပါတယ်။

၁၉၆၂ နောက်ပိုင်း ရန်ကုန်တက္ကသိုလ်ကို အစိုးရက သိမ်းယူလိုက်ပြီးနောက် ပါရဂူဘွဲ့ပေးတာတွေ ရပ်သွားပါတယ်။ ၂ဝဝ၃ ခုနှစ် ဖေဖော်ဝါရီမှာတော့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပထမဆုံးပါမောက္ခချုပ်ဆရာတော် ဦးသီလာနန္ဒ၊ သီတဂူဆရာတော်၊ ဒါရိုက်တာ စာရေးဆရာ ဦးသုခတို့ကို ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့တွေ ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တခြား တက္ကသိုလ်တွေ မှာလည်း ဂုဏ်ထူးဆောင်ဘွဲ့ပေးတာတွေ ရှိလာပါတယ်။

บทความก่อนหน้านี้ดนุรุจโกรธจัด ที่เห็นเสี่ยฮะอุ้มส้วมเข้ามาในงาน ด้วยสภาพหมดสติ
บทความถัดไปสลด! คอยล์เย็น หนัก 1 ตัน หล่นรถบรรทุก กระแทกร่างหนุ่มใหญ่ดับ