ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ တနေ့တည်းသေဆုံးမှု စံချိန်တင်မြင့်တက်ခဲ့

အီတလီမှာ တနေ့တာကာလအတွင်း လူပေါင်း ၄၇၅ ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆုံးပါးသွားတဲ့အတွက် ဒီနှုန်းဟာ ကမ္ဘာတလွှားမှာ ဖြစ်ခဲ့သမျှထဲ စံချိန်တင်မြင့်တက်တာ ဖြစ်ပါတယ်။
နိုင်ငံတလွှား ရောဂါကူးစက်ခံထားရသူပေါင်း ၃၅၇၁၃ ယောက်ရှိနေပြီး အဲဒီထဲက လူပေါင်း ၄၀၀၀ ကျော်ပြန်ပြီး ကျန်းမာလာခဲ့ပါတယ်။
ကမ္ဘာမှာတရုတ်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ်ပိုး အထိခိုက်ဆုံး နိုင်ငံက အီတလီပါ။
ဒီဗိုင်းရပ်စ်ကြောင့် ကမ္ဘာတလွှားက လူပေါင်း ၈၇၅၈ ယောက်သေဆုံးခဲ့ရပြီဖြစ်ပြီး အများစုက တရုတ်နိုင်ငံမှာ ဆုံးပါးခဲ့တာပါ။
အခုအချိန်မှာ ရောဂါကူးစက်ခံထားရတယ်လို့ အတည်ပြုနိုင်တဲ့လူနာပေါင်း ၂သိန်းကျော်ရှိလာနေပြီး ၈၀ ရာခိုင်နှုန်းက ဥရောပတိုက် နဲ့ အာရှဒေသအများစုပါဝင်တဲ့ ပိစိဖိတ်အနောက်ပိုင်း ရပ်ဝန်းဒေသ တို့မှာ ရှိနေတာပါ။
- အာရှဒေသတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုနှုန်း မြင့်တက်လာနေ
- ကိုရိုနာဗိုင်းရပ်စ် - ကိုဗစ်-၁၉ ကို ဘယ်လိုကာကွယ်နေထိုင်မလဲ

ကမ္ဘာတလွှားက နိုင်ငံအများအပြားမှာလည်း လူတွေ လူစုလူဝေးတွေကိုရှောင်ဖို့၊ ပွဲလမ်းသဘင်တွေ မလုပ်ဖို့ တင်းကျပ်တာတွေအပါအဝင် ကန့်သတ်တာတွေကို အကျယ်အပြန့်လုပ်နေကြကာ ဗိုင်းရပ်စ်ပိုး မပြန့်ပွားရေးအတွက် ကြိုးပမ်းနေကြပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ တက်ဒရိုစ် ဂီဘယာရက်စ်ဆို က " ရောဂါပြန့်ပွားမှုကို လျော့ချဖို့၊ ထိန်းချုပ်ဖို့ဆိုရင် နိုင်ငံတွေအနေနဲ့ လူတွေကို မစုဝေးစေပဲ သီးခြားခွဲနေစေတာ၊ စမ်းသပ်စစ်ဆေးတာ၊ ကုသပေးတာ၊ ကူးစက်သွားနိုင်သူတွေဆီကို လိုက်လံစစ်ဆေးတာတွေ လုပ်ဖို့လိုတယ်" လို့ သတိပေးနေပါတယ်။
အီတလီမှာ မြို့တွေကို သီတင်းပတ် ၂ ပတ်လောက်ပိတ်ချထားခဲ့ပါတယ်၊ လူတွေလည်း အိမ်ထဲမှာနေကြဖို့ တိုက်တွန်းခဲ့ကြပါတယ်၊ ဒါပေမဲ့ ဒီလိုလုပ်နေတဲ့ကြားက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု က ထိုးတက် လာခဲ့တာပါ။
အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့ က Kaiser Permanente သုတေသနဌာနမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပထမဆုံးအကြိမ်အဖြစ် လူသားနဲ့ စမ်းသပ်မှု ဒီသီတင်းပတ်အတွင်းမှာ လုပ်ခဲ့ပါတယ်။
ဒေါက်တာ တက်ဒရိုစ်က ပထမဆုံးသော ကာကွယ်ဆေး စမ်းသပ်မှုအတွက် အရေးကြီးတဲ့ အောင်မြင်မှုဖြစ်တယ်လို့ ချီးမွမ်းပြောကြားခဲ့ပါတယ်။