Khaosod
Online

วันอาทิตย์ ที่ 31 พ.ค. 2563

ကိုရိုနာဗိုင်းရပ်စ် - သတင်းမှားတွေ လူမှုကွန်ရက်မှာ ဖြန့်ဝေကြပုံ

21 มี.ค. 2563 - 18:24 น.
ကိုရိုနာဗိုင်းရပ်စ်၊ ဆိုရှယ်မီဒီယာ
BBC
ဆိုရှယ်မီဒီယာနဲ့ ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာဗိုင်းရပ်စ်အကြောင်း ဆေးမြီးတိုကအစ အစိုးရစီမံကိန်း အကြောင်းအထိ သတင်းမှားတွေ အများကြီး ပျံ့နှံ့နေပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ပို့စ်တစ်ခုက ဘယ်လို ပျံ့သွားသလဲဆိုတာ ကြည့်ကြရအောင်ပါ။

Facebook၊ WhatsApp၊ တွစ်တာပါအဝင် လူမှုကွန်ရက်မှာ ပျံ့နေတဲ့ အဲဒီပို့စ်က ကိုရိုနာဗိုင်းရပ်စ်အကြောင်း သိကောင်းစရာ အကြံပေးချက်တွေပါ။ အဲဒီထဲမှာ မှန်တဲ့ အချက်တချို့ ပါပါတယ်။ တချို့အချက်တွေက အန္တရာယ် မရှိပေမဲ့ တချို့ကတော့ အန္တရာယ် ပေးကောင်း ပေးနိုင်ပါတယ်။

သတင်းအချက်အလက် အစပြုသူကို ကိုးကားတဲ့အနေနဲ့ အဲဒီပို့စ်ကို ဘွဲ့လွန်ဒီဂရီ ရထားသူ ဦးလေးကြီးရဲ့ ပို့စ်လို့ ခေါ်ကြပါတယ်။ အသက် ၈၄ နှစ်အရွယ် ဗြိတိသျှ အဘိုးကြီးတစ်ဦးရဲ့ ဖေ့စ်ဘုတ်ပေါ်က အဲဒီပို့စ်ဟာ အိန္ဒိယလူမျိုး ကက်သလစ်ဘာသာဝင်တွေရဲ့ ဖေ့စ်ဘုတ်အုပ်စုတွေ၊ ကိုရိုနာဗိုင်းရပ်စ် သီးသန့်ဖိုရမ်တွေ၊ WhatsApp အုပ်စုတွေ၊ တွစ်တာ အကောင့်တွေကနေ တဆင့် ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်သူ ဂါနာလူမျိုးတစ်ဦးရဲ့ အင်စတာဂရမ် ဆီ ရောက်သွားပါတယ်။

ရုတ်တရက် ကြည့်လိုက်ရင်တော့ ဆရာဝန်တစ်ဦး၊ အဖွဲ့အစည်းကြီးတစ်ခု၊ ဒါမှမဟုတ် ပညာတတ် ဦးလေးကြီး စတဲ့ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်က လာတာမို့ အဲဒီပို့စ်ထဲက သတင်းအချက်အလက်တွေဟာ ယုံကြည်ရတဲ့ အချက်အလက်တွေလို့ ယူဆစရာ ရှိပါတယ်။

ကနဦးပို့စ်

ကနဦး ပို့စ်ဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖေ့စ်ဘုတ်သုံးသူတစ်ဦး တင်ခဲ့တဲ့ပို့စ် ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ အဲဒီပို့စ်ကို အဖွဲ့ဝင် ၂၀၀၀ ရှိတဲ့ Happy People ဆိုတဲ့ အုပ်စုတစ်ခုက ပြန်မျှဝေခဲ့တာပါ။

အဲဒီပို့စ်ထဲမှာ "ကိုယ့်အတန်းဖော်ရဲ့ ဦးလေး၊ မဟာဘွဲ့ရထားသူ၊ ရှင်ကျန်းဆေးရုံမှာ အလုပ်လုပ်တယ်။ သူ့ကို ဝူဟန်ဗိုင်းရပ်စ်အကြောင်း လေ့လာဖို့ ပြောင်းရွှေ့ တာဝန်ချထားလိုက်တယ်။ အခုလေးပဲ သူက ဖုန်းဆက်ပြီး သူငယ်ချင်းတွေကို ပြန်ပြောပြခိုင်းတယ်....." စတဲ့ စာသားတွေကို တွေ့ရမှာပါ။

အဲဒီနောက် ဆက်ရေးထားတဲ့ အကြံပေးချက်တွေက တလွဲတွေ ဖြစ်နေပြီး အမှားတွေပါ။ အဲဒီထဲက အချက်တစ်ခုထဲမှာ နှာရည်ယိုရင် ကိုရိုနာဗိုင်းရပ်စ် မရှိဘူး လို့ ရေးထားပါတယ်။

နှာရည်ယိုတာဟာ ဖြစ်လေ့ဖြစ်ထ မဟုတ်ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်လူနာတွေအကြား မတွေ့ရတတ်တာတော့ မဟုတ်ဘူးလို့ (CDC) အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနနဲ့ Lancet ဆေးပညာဂျာနယ် အပါအဝင် ကျန်းမာရေး အာဏာပိုင်တွေက ပြောထားကြောင်း Full Fact နဲ့ Snopes တို့လို အချက်အလက်မှန် ရှာဖွေ စုဆောင်းတဲ့အဖွဲ့အစည်းတွေက ဆိုပါတယ်။

အဲဒီပို့စ်ထဲမှာ လူတွေကို "ရေနွေးပိုသောက်ဖို့" နဲ့ "ရေခဲရေ မသောက်ဖို့" အကြံပေးထားပါတယ်။ ဒီအချက်ထဲက တစ်ချက်ချက်မှ ကိုရိုနာဗိုင်းရပ်စ် မကူးအောင် ကာကွယ်နိုင်တယ် ဒါမှမဟုတ် ပျောက်အောင်ကုနိုင်တယ် ဆိုတဲ့ ဆေးပညာ အထောက်အထားမျိုး လောလောဆယ် မတွေ့ရသေးပါဘူး။

"ဒီအချက်တွေက ဘာအထောက်အထားမှ မရှိပါဘူး။ ဒီအချက်တွေက သတိထားစရာကောင်းတဲ့ အချက်တွေပါ" လို့ Snopes အဖွဲ့က အဲလက်စ် ကက်စ်ပရက်ခ် ကပြောပါတယ်။

"ဒီအကြောင်း ပို့စ်တင်ခဲ့သူကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ အဲဒီအမျိုးသမီးက အကြောင်းမပြန်ခဲ့ပါဘူး။"

အဲဒီပို့စ် ပျံ့နှံ့သွားပုံ

အဲဒီအကြံပေးချက်တွေပါတဲ့ ပို့စ်ကို နောက်ရက်ပိုင်းအကြာမှာ အိန္ဒိယနိုင်ငံက ဂလဲန် ဆိုသူ အမျိုးသားတစ်ဦးက ပြန်ဝေမျှခဲ့အပြီးမှာတော့ လူတွေအကြား အကြီးအကျယ် ပေါက်သွားခဲ့ပါတော့တယ်။ အဲဒီလူက ကက်သလစ်ဘာသာဝင် အဖွဲ့တစ်ဖွဲ့ အပါအဝင် တခြား ဖေ့စ်ဘုတ် အုပ်စုတွေထဲမှာ ပြန်ဝေမျှခဲ့တာပါ။

ပို့စ် အသစ်ထဲမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က တင်ခဲ့တဲ့ မူရင်းပို့စ်ကို နောက်ထပ် အချက်အလက် အသစ်တွေ ထပ်ဖြည့်ထည့်ထားပါတယ်။ ပို့စ်အသစ်ထဲမှာ "အတန်းဖော်ရဲ့ ဦးလေးနဲ့ တူဖြစ်သူ၊ မဟာဘွဲ့ရထားသူ .....အခုလေးပဲ သူက ဖုန်းဆက်ပြီး သူငယ်ချင်းတွေကို ပြန်ပြောပြခိုင်းတယ်....." စတာတွေကို ရေးထားပါတယ်။ တကယ်တမ်းမှာ အဲဒီဦးလေးဆိုသူကလည်း ဂလဲန် ကို ဖုန်းခေါ်ခဲ့တာ မဟုတ်ပါဘူး။

သူ့ရဲ့ ပို့စ်ကို သူများက ပို့ပေးလိုက်တာ၊ သူက တဆင့် ပြန်ပို့ခဲ့တာလို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်၊ ဆိုရှယ်မီဒီယာ
Facebook
ဂလဲန်း ဆိုသူရဲ့ ပို့စ်

အသစ်ထပ်ဖြည့်ထားတဲ့ အကြံပေးချက်တွေထဲမှာ တိကျမှန်ကန်တဲ့ အကြံပေးချက်တချို့ ပါပါတယ်။ ဥပမာ ဗိုင်းရပ်စ် ကာကွယ်ရာမှာ အရေးပါတဲ့ ဆောင်ရွက်ချက်တစ်ခု ဖြစ်တဲ့ လက်ဆေးဖို့ ပြောတဲ့ အချက်ပါ။

ဒါပေမဲ့ အဲဒီ ပို့စ်အသစ်ထဲမှာ မသေချာတဲ့ အချက်တွေ၊ လွဲမှားတဲ့ အချက်တွေလည်း ထပ်ဖြည့်ထားတာ တွေ့ရပါတယ်။

ဥပမာ ရောဂါ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် ဖော်ပြထားတာပါ။ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေနဲ့ ရောဂါပြင်းထန်မှုမှာ အများကြီးကွဲပြားနိုင်ပြီး ရောဂါ ဖြစ်စဉ် အတိအကျ မရှိဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။

အဲဒီပို့စ်က အကြီးအကျယ် ရေပန်းစားသွား

ကိုရိုနာဗိုင်းရပ်စ်၊ ဆိုရှယ်မီဒီယာ
Facebook
ပီတာရဲ့ ဖေ့စ်ဘုတ်

အဲဒီပို့စ်က သီတင်းပတ် အတော်ကြာကြာ လူတွေကြားထဲ အများကြီး မပေါက်ခဲ့ပါဘူး။ ဒါပေမဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာတော့ ပီတာ ဆိုတဲ့ အသက် ၈၄ နှစ်အရွယ် ပန်းချီပြခန်း ပိုင်ရှင်ဟောင်းကြောင့် လူမှုကွန်ရက်ပေါ်မှာ အဲဒီပို့စ် အကြီးအကျယ် ပျံ့နှံ့သွားခဲ့ပါတော့တယ်။

ပီတာရဲ့ ပို့စ်က ဂလဲန်ရဲ့ ပို့စ်နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ သူ့ပို့စ်ထဲမှာလည်း နောက်ထပ် အချက်အလက် အမှားတချို့ ထပ်ဖြည့်ထားပြန်ပါတယ်။

ပီတာရဲ့ ပို့စ်က ချက်ချင်းပဲ ပျံ့နှံ့သွားပြီး Full Fact နဲ့ Snopes တို့လို အချက်အလက်မှန် ရှာဖွေစုဆောင်းတဲ့ အဖွဲ့တွေက အာရုံစိုက်လာခဲ့ပါတယ်။ အဲဒီ အဖွဲ့ နှစ်ခုစလုံးက WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ CDC အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနနဲ့ NHS ယူကေ ကျန်းမာရေးဝန်ဆောင်မှုဌာန အပါအဝင် ယုံကြည်စိတ်ချရတဲ့ ဆေးပညာဆိုင်ရာ သတင်းအရင်းအမြစ်တွေကို ပြန်ကိုးကားပြီး မဟုတ်မမှန်သတင်းတွေကို ဖော်ထုတ်နေတာ ဖြစ်ပါတယ်။

ဥပမာ အဲဒီပို့စ်ထဲမှာ "ကိုရိုနာဗိုင်းရပ်စ်ပိုးက နေကို ကြောက်တယ်" လို့ ဆိုထားပါတယ်။ ဒါပေမဲ့ နေရောင်ခြည်က ဗိုင်းရပ်စ်ပိုးကို သေစေတယ် ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရသေးဘဲ ပူပြင်းတဲ့ နိုင်ငံအတော်များများမှာလည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေတာ တွေ့ရမှာပါ။

အဲဒီပို့စ်ထဲမှာ ရေးထားတဲ့ တခြားအချက်တွေကတော့ အမှန်တွေ ဖြစ်ပါတယ်။ ဥပမာ လက်ဆေးဖို့ ဆိုတဲ့ အကြံပေးချက်ကို ထပ်ဆင့် ဖော်ပြထားပါတယ်။

အချက်အလက်မှန် စုဆောင်း ရှာဖွေ ဖော်ထုတ်သူတွေက သူတို့ရဲ့ အချက်အလက် သတင်းအမှန်တွေအကြောင်း ပို့စ် တင်ခဲ့အပြီးမှာ အင်္ဂလန်နိုင်ငံတောင်ပိုင်းမှာ နေထိုင်တဲ့ ပီတာ က သူ့ပို့စ်ထဲက မှားနေတဲ့ အချက်တွေကို ပြန်ပြင်ရေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သူ့ပို့စ်အဟောင်းကို လူပေါင်း ၃ သိန်းခွဲနီးပါးက ပြန်ဝေမျှခဲ့ပြီး ဖြစ်ပါတယ်။

ပီတာ့ကို ဘီဘီစီက ဆက်သွယ်တဲ့အခါ သူ့ပို့စ်ထဲက သတင်းအချက်အလက်တွေကို ဘယ်က ရသလဲ ဆိုတာ မပြောခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူ့ရဲ့ သတင်းအရင်းအမြစ်ကို သူယုံကြည်စိတ်ချခဲ့တယ်လို့ ဆိုပါတယ်။

"အဲဒီလူက ဒီသတင်းအချက်အလက် ကိန်းဂဏန်းတွေ ပေးခဲ့တဲ့ ဆေးပညာပိုင်း၊ သိပ္ပံပညာပိုင်းက ပုဂ္ဂိုလ်နဲ့ ဆက်နွယ်နေတဲ့သူဆိုတော့ သူ့ကို ကျွန်တော် ယုံခဲ့တာပါ" လို့ ပီတာက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောပြခဲ့ပါတယ်။

လူတွေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်အောင် အကူအညီပေးဖို့ လုပ်ခဲ့တာပါလို့ ပီတာက ပြောပါတယ်။

အချက်အလက် မှန်သမျှ မှန်အောင် ကျွန်တော် ကြိုးစားခဲ့ပါတယ်၊ တကယ်လို့ ကျွန်တော်မှားနေတာကို ထောက်ပြလာရင် ဒါမှမဟုတ် မှားနေတာကို ကိုယ့်ဟာကိုယ် ပြန်သိခဲ့ရင် ကျွန်တော် တောင်းပန်ပြီး ပြန်ပြင်ပါတယ် လို့ သူက ပြောပါတယ်။

အဲဒီပို့စ်ပါတဲ့ စာသားအချက်အလက်တွေ တဖြည်းဖြည်း ပုံစံ ပြောင်းလဲသွား

အချက်အလက်အမှန်တွေကို အခြေခံပြီး ပြင်ဆင်တာတွေ လုပ်ခဲ့ပေမဲ့ ပီတာရဲ့ မူရင်းပို့စ်ထဲမှာ ပါတဲ့ အချက်အလက်တွေက ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး ပုံစံပြောင်းသွားခဲ့ပါတယ်။ တချို့ဆင့်ပွားပို့စ်တွေ ဆိုရင် နောက်ထပ် လွဲမှားတဲ့ အချက်အလက်တွေ ထပ်ဖြည့်ထည့်ထားတာကို တွေ့ရမှာပါ။

နဂိုမူလ စခဲ့တဲ့ သတင်းအရင်းအမြစ်ကလည်း ပြောင်းသွားခဲ့ပါတယ်။ ဖေ့စ်ဘုတ်ကနေ ကျော်ပြီး WhatsApp နဲ့ တွစ်တာတွေ အထိ ရောက်သွားတဲ့ ဆင့်ပွား ပို့စ်တချို့မှာဆိုရင် "မဟာဘွဲ့ရထားတဲ့ ဦးလေးကြီး က စတန်းဖို့ဒ် ဆေးရုံဘုတ်အဖွဲ့ဝင် တစ်ဦး" ဖြစ်သွားခဲ့ပြီး "သူငယ်ချင်းရဲ့ ညီမ၊ သူငယ်ချင်းရဲ့ ညီက စတန်းဖို့ဒ်ဆေးရုံ ဘုတ်အဖွဲ့ထဲမှာ ပါတဲ့သူ" အထိ ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် ပြန်ပြင်ဆင် ဖြည့်စွက် ရေးကြတဲ့ အထဲမှာ ဂျပန်ဆရာဝန်တွေ၊ ထိုင်ဝမ် ပညာရှင်တွေ ကိုလည်း ကိုးကားထားကြပါတယ်။

စတန်းဖို့ဒ် ဆိုတဲ့စာသားကို အနည်းဆုံး အကြိမ် ၁၀၀ လောက် ဖော်ပြခဲ့တဲ့ အဲဒီပို့စ်ဟာ ဘယ်လောက်တောင် တမဟုတ်ချင်း ပျံ့သွားခဲ့သလဲ ဆိုရင် စတန်းဖို့ဒ် တက္ကသိုလ်ကတောင် သူတို့နဲ့ ဘာမှ မသက်ဆိုင်ပါဘူး ဆိုပြီး ကြေညာချက်ထုတ် ငြင်းဆိုခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

အဲဒီပို့စ်ကို တခြားဘာသာတွေနဲ့လည်း ပြန်ဆိုဝေမျှခဲ့ကြ

အဲဒီပို့စ် အလျင်အမြန် ပျံ့နှံ့သွားခဲ့တာက ဂါနာနိုင်ငံက ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်သူ တစ်ဦးနဲ့ အမေရိကန် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးအပါအဝင် နာမည်ကြီး ပုဂ္ဂိုလ်တွေကြောင့်ရော သာမန်လူတွေကြောင့်ပါ ဖြစ်ပါတယ်။

အဲဒီပို့စ်ကို ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးရသတင်း လို့ အမည်ပေးထားတဲ့ ဖေ့စ်ဘုတ် အုပ်စုတစ်ခုထဲမှာ ဧပြီ ဆိုတဲ့ အမေရိကန် အမျိုးသမီးတစ်ဦးက ပြန်ဝေမျှခဲ့ပါတယ်။ အဲဒီအုပ်စုဟာ ကိုရိုနာဗိုင်းရပ်စ်အကြောင်း အဓိကထား ဖော်ပြနေပြီး လူမှုကွန်ရက်ပေါ်မှာ အကြီးအကျယ် ရေပန်းစားလာနေတဲ့ အုပ်စုတွေထဲက တစ်ခု ဖြစ်ပါတယ်။

ဧပြီရဲ့ ပို့စ်ထဲမှာတော့ သူငယ်ချင်းရဲ့ တူ၊ စစ်တပ်ထဲက လို့ ကိုးကားထားပါတယ်။

ဖေ့စ်ဘုတ် မက်ဆင်ဂျာ ကနေ သူ့ကို ဆက်သွယ်မေးမြန်းခဲ့တဲ့အခါ အဲဒီပို့စ်ကို သူငယ်ချင်းတစ်ယောက် ဝေမျှထားတာကို တွေ့ခဲ့ရတာလို့ ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီသူငယ်ချင်းက တခြားသူများဆီက ပို့စ်ကို ကော်ပီ လုပ်ပြီး ပြန်ဖြန့်ခဲ့တယ် ဆိုတာကို သူသဘောပေါက်ခဲ့ပြီး အဲဒီပို့စ်ထဲက အချက်အလက်အများစုဟာ အမှားတွေ ဖြစ်နေပုံ ရတယ်လို့ သူက ပြောပြပါတယ်။

"ကျွန်မ ဖေ့ဘုတ်ကို တစ်နေ့လုံး နေ့စဉ် သုံးတယ်၊ အထောက်အကူပြုတဲ့ သတင်းအချက်အလက်တွေ အများကြီး ရတယ်၊ ကျွန်မက သတင်းတွေ ဘာတွေ ရုပ်မြင်သံကြားကနေ ကြည့်တာ မဟုတ်ဘူး" လို့ ဧပြီက ပြောပြပါတယ်။

တချိန်တည်းမှာပဲ အဲဒီပို့စ်ကို အာရဗီ၊ ဗီယက်နမ်၊ ပြင်သစ်၊ စပိန်၊ အီတာလျံ အပါအဝင် ဘာသာစကား အတော်များများနဲ့ ပြန်ဆို ဝေမျှခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်၊ ဆိုရှယ်မီဒီယာ
Facebook
အဲဒီပို့စ်ကို ဘာသာစကား အမျိုးမျိုးနဲ့ ပြန်ဝေမျှခဲ့ကြ

အဲဒီမှာလည်း ပို့စ်တချို့မှာ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ဒါမှမဟုတ် အန္တရာယ် သိပ်မရှိတဲ့ အချက်အလက် အမှားတချို့ ပါလာခဲ့ပါတယ်။ ဒါပေမဲ့ တချို့ပို့စ်တွေမှာ ဖော်ပြခဲ့တဲ့ အချက်အလက်တွေကတော့ အန္တရာယ် ဖြစ်စေနိုင်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အကြံပေးချက် တစ်ခုမှာဆိုရင် ကိုရိုနာဗိုင်းရပ် ရှိမရှိကို မနက်တိုင်း ၁၀ စက္ကန့်လောက် အသက်အောင့်ပြီး ကိုယ်တိုင် စမ်းသပ်နိုင်တယ် လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ် မရှိဘူးဆိုတာကို ဒီလိုလုပ်ပြီး တပ်အပ် ပြောနိုင်တယ် ဆိုတဲ့အထောက်အထားမျိုး မရှိသေးပါဘူး။

ကော်ပီပါစတာ

မဟာဘွဲ့နဲ့ ဦးလေးကြီး ဆိုတဲ့ ပို့စ်မျိုးဟာ လူမှုကွန်ရက်မှာ အလျင်အမြန် ပျံ့သွားတတ်တဲ့ ပို့စ် ပုံစ်မျိုး ဖြစ်ပြီး ဗန်းစကားနဲ့ ကော်ပီပါစတာ လို့ ခေါ်ကြပါတယ်။ ဒီလိုပို့စ်မျိုးဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အသုံးပြုတဲ့ "share"နဲ့ "retweet" ဆိုတာတွေကို နှိပ်ပြီး ပြန်ဝေမျှမယ့်အစား ကော်ပီကူးပြီး ပြန်တင်တတ်လေ့ ရှိတဲ့ ပို့စ်မျိုးပါ။

အဲဒီအတွက် ပို့စ်တိုင်းဟာ ကိုယ်နဲ့ သိကျွမ်းတဲ့ မိတ်ဆွေ သူငယ်ချင်း၊ ဆွေမျိုး တစ်ယောက်ယောက်က ရေးထားတဲ့ မူရင်းပို့စ်လိုလို ဖြစ်သွားခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဒီပို့စ်ကို ယုံကြည်စိတ်ချကြတဲ့ အခွင့်အလမ်း ပိုများလာခဲ့တာပါ။

မူရင်းပို့စ်တွေ အရမ်းများလွန်းတဲ့အတွက် မူရင်းပို့စ်က ဘယ်ကလာသလဲ ဆိုတာ ခြေရာခံ ဖော်ထုတ်နေသူတွေနဲ့ လူမှုကွန်ရက်အဖွဲ့အစည်းတွေအတွက်လည်း အခက်တွေ့ရပါတယ်။

ပီတာရဲ့ ပို့စ်တစ်ခုတည်းကို လူ သိန်းပေါင်းများစွာ ပြန်ဝေမျှခဲ့တာကို သိထားပေမဲ့ ဖေ့စ်ဘုတ်နဲ့ တခြား လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ လူဘယ်နှစ်ယောက်လောက် ဒီပို့စ်ကို ကော်ပီကူးပြီး ပြန်တင်ခဲ့သလဲ ဆိုတာ ခန့်မှန်းဖို့တော့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူသန်းနဲ့ချီ လုပ်ခဲ့တာတော့ သေချာပါတယ်။

ဖေ့စ်ဘုတ်က ဘယ်လို ဆောင်ရွက်နေသလဲ

အချက်အလက်အမှားတွေကို ပြန်မပြင်ဘဲ ဖော်ပြနေတဲ့ ပို့စ်တွေနဲ့ ပတ်သက်လို့ ဖေ့ဘုတ် ပြောခွင့်ရပုဂ္ဂိုလ် က "ဒီပို့စ်တွေဟာ ဖေ့စ်ဘုတ်ရဲ့ မူဝါဒတွေကို ချိုးဖောက်တဲ့အတွက် ဖယ်ရှားလိုက်တယ်" လို့ ပြောပါတယ်။

"ဖေ့စ်ဘုတ်အနေနဲ့ NHS ယူကေ ကျန်းမာရေးဝန်ဆောင်မှုဌာနက တရားဝင်ထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ နောက်ဆုံးရ သတင်းတွေ၊ ညွှန်ကြားချက်တွေကို လူတွေ သိအောင် NHS နဲ့ ပူးပေါင်းပြီး တိုက်ရိုက် တင်ပြပေးတာမျိုး၊ ခေါင်းစဉ်ရှာဖွေမှုအောက်မှု ဖော်ပြပေးတာမျိုးတွေ လုပ်နေပါတယ်"

လူမှုကွန်ရက် သုံးသူတွေ အနေနဲ့လည်း ပို့စ်တစ်ခုခုကို ပြန်မဝေမျှခင် စဉ်းစဉ်းစားစား လုပ်ကြဖို့ လိုတယ်လို့ အချက်အလက်မှန် ရှာဖွေ ဖော်ထုတ်တဲ့အဖွဲ့တွေက ပြောပါတယ်။

အမှန်နဲ့ တလွဲတွေ ရောထွေး

မဟာဘွဲ့နဲ့ ဦးလေးကြီး ပို့စ်ကို ဝေမျှတဲ့ သူတွေဟာ ယုတ်မာတဲ့ စိတ်နဲ့ လုပ်ကြတာတော့ မဟုတ်ပါဘူး။ သူတို့က သတင်း အချက်အလက်တွေ ပြန်ဝေမျှပေးနေတာလို့ ယူဆတတ်ကြပါတယ်။ ဒါမှမဟုတ် ဒီသတင်းအချက်အလက် ဘယ်လောက် ခိုင်လုံသလဲ ဆိုတာ အသေအချာ သိပုံမပေါ်ဘဲ မှန်များမှန်ခဲ့သော် ဆိုတဲ့ စိတ်နဲ့ ပြန်ဝေမျှကြတာတွေလည်း ရှိပါတယ်။

အဲဒီလူတွေဟာ ခပ်တုံးတုံး လူတွေ မဟုတ်ကြပါဘူး။ စိုးရိမ်ပူပန်စိတ်တွေ ဖြစ်နေချိန်မှာ လွယ်လွယ်ကူကူ လှည့်စားခံရတတ်တာမျိုးပါ။

ပို့စ်တစ်ခုကို ပြန်မဝေမျှခင် ဒီမေးခွန်း ၃ ခုကို အရင်မေးကြည့်ပါ

၁။ ဒီသတင်းအချက်အလက်ရဲ့ မူရင်းက မသေမချာ ဖြစ်နေသလား ဒါမှမဟုတ် ခြေရာမခံနိုင်တဲ့ သူငယ်ချင်းရဲ့ သူငယ်ချင်း ဆီကများလား

ဒီသတင်း ဘယ်ကလာသလဲ ဆိုတာ မူရင်းကို ရှာကြည့်ပါ။ မရရင် ပြန်မဝေမျှပါနဲ့။ ကိုယ်ယုံကြည့်ရတဲ့ သူတစ်ယောက်ယောက်က ပို့လိုက်တာနဲ့ ဒီသတင်းကို အဲဒီလူက တကယ်သိတဲ့ သူဆီက ရတယ်လို့ မယူဆပါနဲ့။

၂။ ဒီသတင်းအချက်အလက်အားလုံးက မှန်တယ်လို့ ယူဆရသလား

သတင်းအချက်အလက် စာရင်းက အရှည်ကြီး ဆိုရင် အဲဒီထဲက တကြောင်းလောက် မှန်တာနဲ့ အကုန်လုံး မှန်တယ်လို့ယူဆတတ်ကြပါတယ်။

၃။ စာသားတွေက စိတ်ခံစားမှုကို ဖြစ်စေသလား၊ ပျော်သွားအောင်၊ ဒေါသထွက်အောင်၊ ကြောက်လန့်သွားအောင် လုပ်စေသလား

သတင်းအမှားတွေ လူမှုကွန်ရက်မှာ အလျင်အမြန် ပျံ့သွားတတ်တာဟာ လူတွေရဲ့ စိတ်ခံစားမှုကို အသုံးချပြီး လုပ်တဲ့ အတွက် ဖြစ်ပါတယ်။ ဒီတော့ ဒါဟာ သတင်းမမှန်နိုင်မယ့် ပုံလက္ခဏာမျိုး ဖြစ်ပါတယ်။ ဒီတော့ သတင်းအရင်းအမြစ်ကို အတွင်းကျကျ ဖော်ထုတ်ကြည့်ပါ။ ဆေးသိပ္ပံပညာပိုင်း အောင်မြင်မှုတွေ၊ ရောဂါ ကာကွယ်ရေး အကြံပေးချက်တွေ ဒါမှမဟုတ် လူထု ကြေညာချက်တွေ က ယုံကြည်စိတ်ချရတဲ့ သတင်းအရင်းအမြစ်တွေကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သတင်းအရင်းအမြစ် Full Fact, Snopes, BBC Monitoring

ကိုယ်တိုင်ဒီလိုသတင်းအမှားတွေကို ကြုံတွေ့ခဲ့ရဖူးလို့ ဝေမျှပြောပြချင်တယ်ဆိုရင် ဘီဘီစီကို ဆက်သွယ်ပြောကြားဖို့ ဖိတ်ခေါ်ပါတယ်။burmese@bbc.co.uk ကိုရေးသားပေးပို့နိုင်ပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ကိုရိုနာဗိုင်းရပ်စ် - သတင်းမှားတွေ လူမှုကွန်ရက်မှာ ဖြန့်ဝေကြပုံ
ข่าวที่เกี่ยวข้อง