Khaosod
Online

วันอาทิตย์ ที่ 31 พ.ค. 2563

ကိုရိုနာကပ်ဘေးအတွက် ကျပ် တစ်ရာဘီလျံ ဘယ်လိုသုံးမလဲ၊ ကုသရေးပစ္စည်းမလောက်လို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့သောက၊ နိုင်ငံရေး အောက်လုံး မထိုးဖို့ တပ်မတော် တုံ့ပြန် အပါအဝင် တစ်ပတ်အတွင်း သတင်းသုံးသပ်ချက်

21 มี.ค. 2563 - 20:07 น.

ဒီတစ်ပတ်အတွင်း ပြည်တွင်းပြည်ပ သတင်းခေါင်းကြီးပိုင်းတွေမှာ ထုံးစံအတိုင်း ကိုရိုနာဗိုင်းရပ်စ် သတင်းတွေပဲ နေရာယူထားပါတယ်။

မြန်မာမှာ ဒီဗိုင်းရပ်စ်က လူကိုမကူးစက်သေးပေမယ့် မြန်မာ့စီးပွားရေးက တုပ်ကွေးမိသွားတဲ့အနေအထား ရောက်ခဲ့ပါပြီ။

(၁) တုပ်ကွေးမိစပြုနေတဲ့ မြန်မာ့စီးပွားရေး

တရုတ်က ကုန်ကြမ်းအဝင်ပြတ်လို့ မြန်မာက အထည်ချုပ်စက်ရုံ ၂၀ ကျော် ပိတ်ခဲ့ရပြီး အလုပ်လက်မဲ့ တစ်သောင်းကျော် ရှိလာမယ်လို့ အစိုးရက ခန့်မှန်းပါတယ်။

ဗိုင်းရပ်စ် မတွေ့သေးပေမယ့် လတ်တလော မြန်မာမှာ ဒီဂယက်ကြောင့် အလုပ်သမားတွေ အလုပ်ပြုတ်၊ ခရီးသွားလုပ်ငန်းတွေအထိနာ၊ လေကြောင်းလိုင်းတွေ လျှော့ချပျံသန်းရနဲ့ ကမ္ဘာ့နိုင်ငံတွေနည်းတူ ကြုံနေရပါတယ်။

သင်္ကြန်အပါအဝင် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ၊ ရုပ်ရှင်ရုံတွေ၊ အနှိပ်ခန်း၊ ကာရာအိုကေဆိုင် စတာတွေကို ပိတ်ပင်ထားတာကြောင့် ဒီလုပ်ငန်းတွေကိုမှီခိုလုပ်ကိုင်နေသူတွေအပေါ်လည်း သက်ရောက်လာမှာမလွဲပါဘူး။

တစ်လစာကုန်ကြမ်းတွေကို တရုတ်က လေယာဉ်နဲ့ ပို့လာတာရှိပေမယ့် ရေရှည်အတွက်တော့ စက်ရုံတွေလည်ပတ်ဖို့ မသေချာသေး
Getty Images
တစ်လစာကုန်ကြမ်းတွေကို တရုတ်က လေယာဉ်နဲ့ ပို့လာတာရှိပေမယ့် ရေရှည်အတွက်တော့ စက်ရုံတွေလည်ပတ်ဖို့ မသေချာသေး

ပြည်ပကိုအလုပ်သမားစေလွှတ်တာကိုလည်း ရပ်ဆိုင်းထားလိုက်ရပါပြီ။ အခုဆို နိုင်ငံပေါင်း ၂၀ နီးပါးကို မြန်မာက ပြည်ဝင်ခွင့်တွေကန့်သတ်လိုက်သလို တခြားနိုင်ငံတွေကလည်း အသီးသီးကန့်သတ်တာတွေရှိတဲ့အတွက် ဒီကာလကို ရင်ဆိုင်ဖို့ အတော်လေးရုန်းကန်ကြရဦးမှာပါ။

အထိခိုက်ဆုံးက ဟိုတယ်ခရီးလေကြောင်းလိုင်းလုပ်ငန်း၊ CMP လို့ခေါ်တဲ့ လက်ခစားအထည်ချုပ်လုပ်ငန်းနဲ့ အသေးစားအလတ်စားစီးပွားရေး လုပ်ငန်းတွေလို့ အစိုးရက သတ်မှတ်ပြီး ဒီလုပ်ငန်းသုံးခုအတွက် အတိုး နှုန်း ၁ ရာခိုင်နှုန်းနဲ့ တစ်နှစ်ကာလ ချေးငွေတွေထုတ်ချေးဖို့ ကျပ် ၁၀၀ ဘီလျံထုတ်သုံးဖို့ ပြင်ထားပါတယ်။

ဒီဗိုင်းရပ်စ်ဟာ အနည်းဆုံး နောက်ထပ်တစ်နှစ်ကျော်လောက်တော့ ဂယက်ရိုက်နေဦးမယ်လို့ ပညာရှင် တွေက ခန့်မှန်းထားပါတယ်။ ဒီအခြေအနေ ခပ်ကြာကြာဖြစ်လာရင် ဘာတွေ သုံးသပ်ပြင် ဆင်ထားသင့် လဲဆိုတာနဲ့ပတ်သက်လို့ စီးပွားရေးကျွမ်းကျင်သူ ဆောင်းပါးရှင် ဦးဇေယျသူက ခုလိုအကြံပြုပါတယ်။

"ကျပ် ၁၀၀ ဘီလျံဆိုတော့ ဒေါ်လာ သန်း ၇၀ လောက် ဖြစ်သွားတာပေါ့။ ဒီလိုမြန်မြန်ဆန်ဆန်ကြေညာ လိုက်တာကောင်းတယ်။ ကြိုက်တဲ့သူတွေလည်း ရှိတယ်။ အစိုးရက ဒီအတွက် ပြင်ထားတယ်ဆိုတဲ့ သဘောပေါ်လွင်သွားတာပေါ့။ ဒါပေမဲ့ အခုဟာ ကျယ်တော့ကျယ်သွားတယ်ဗျာ။ SME တို့ဘာတို့ထည့်ပြောလိုက်တော့ အသေးစားအလတ်စားဆိုတော့ မြန်မာပြည်မှာအများကြီးဖြစ်သွားတာပေါ့" လို့ သူကပြောပါတယ်။

ဒါကြောင့် အခုအစိုးရ ထောက်ပံ့မယ့်ငွေကို တကယ်လိုအပ်တဲ့သူတွေဆီ ရောက်ဖို့နဲ့ မြန်မြန်စိစစ်ဖို့လိုတယ်လို့ သူက ဆိုပါတယ်။

"ရသင့်ရထိုက်တဲ့သူရဖို့ အရေးကြီးတယ်။ ပြီးတဲ့အခါကျတော့ မြန်မြန်ရဖို့အရေးကြီးတယ်။ မြန်မြန်ရောက်ရင် မြန်မြန်သက်သာမယ်။ မြန်မြန်ဒဏ်ခံနိုင်မယ်။ တချို့လုပ်ငန်းတွေကျတော့ ဒီဗိုင်းရပ်စ်မဖြစ်ခင်တည်းက ထိနေတာတွေဘာတွေရှိတယ်။ ဒါတွေရော ထည့်စဉ်းစားမှာလားမစဉ်းစားဘူးလား။ အဲဒါတွေတော့ စိစစ်ဖို့လိုတယ်" လို့ ဦးဇေယျသူကပြောပါတယ်။

ဒါပေမဲ့ ဒီ ကျပ် ၁၀၀ ဘီလျံဆိုတာကလည်း အစပဲဖြစ်သင့်ပြီး ရေရှည်အတွက်ဆို နောက်ထပ် အရန် ငွေကြေးတွေများများပြင်ထားဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါမှမဟုတ် ထိုင်းနိုင်ငံလို ရေဖိုး၊ မီးဖိုးတွေ လျှော့ပေးဖို့၊ လက်ရှိစီးပွားရေးမူဝါဒမှာ ပိုက်ဆံအများကြီးချမသုံးဘူးလို့ စဉ်းစားထားရင် အခု ဒါကို ပြန်သုံးသပ်ဖို့ စတာတွေကို စဉ်းစားထားဖို့လိုတယ်လို့ သူက ဆက်ပြောပါတယ်။

(၂) ကျန်းမာရေးဝန်ထမ်းတွေရဲ့ သောက

ကပ်ရောဂါကြေညာပြီးနောက်ပိုင်း သံသယနဲ့ စောင့်ကြည့်လူနာ တိုးလာတဲ့နောက် ဆေးရုံတွေမှာ ကုသရေးနဲ့ ရောဂါကာကွယ်ရေးပစ္စည်း မလုံလောက်တဲ့ အခြေအနေတွေရှိလာပါတယ်။

ဆေးရုံအုပ်ကြီးတွေ၊ ဆရာဝန်ကြီးတွေကိုယ်တိုင် နှာခေါင်းစည်း၊ ရောဂါကာကွယ်ရေးဝတ်စုံ၊ အသက်ရှူစက်၊ ဓာတ်မှန်စက်တွေ အရမ်းလိုအပ်နေလို့ လှူဒါန်းပေးကြဖို့ လူမှုကွန်ရက်မှာ ထုတ်ဖော်ပြောကြားလာပါတယ်။

တကယ်တမ်း လူနာတွေပြုံကျလာရင် ကုသပေးနိုင်တဲ့ အင်အားနဲ့ ခုတင် တွေမလုံလောက်မှာကိုလည်း စိတ်ပူနေကြတာပါ။

ကိုဗစ်၁၉ လူနာတွေများလာရင် လက်ရှိဆေးရုံခုတင်တွေမလောက်တော့ဘူးဆိုရင် စာသင်ကျောင်းတွေကို ပိုးသတ်ဆေးဖြန်းပြီး ဆေးရုံ လုပ်သွားမယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးရဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။

ဒါ့အပြင် လိုအပ်နေတဲ့ ရောဂါကုသရေးပစ္စည်းတွေနဲ့ပတ်သက်လို့ သူက

"ဆေးရုံကြီးတွေမှာ အသက်ရှူစက်တွေလိုနေတယ်။ ကိုဗစ်၁၉ ရဲ့ ပြဿနာက ကိုဗစ်လူနာကို သုံးပြီးရင် အပြင်ကိုထုတ်သုံးလို့မရတော့ဘူး။ ကူးသွားမှာကိုး။ N95 mask တွေ ဈေးကွက်ထဲမှာ ဝယ်လို့မရတော့ဘူး။ နောက် လူနာကိုစောင့်ကြည့်တဲ့ စက်တွေ၊ ဆေးထိုးတဲ့စက်တွေ၊ အကြောဆေးသွင်းတဲ့စက်တွေ၊ အောက်ဆီဂျင်စက်တွေ၊ နဖူးကိုစမ်းတဲ့ သာမိုမီတာတွေ၊ ရင်ကြပ်ရင်ရှူတဲ့စက်တွေလိုတယ်။ နောက် Portable X Ray စက်တွေ၊ ECG စက်တွေလိုတယ်" လို့ ဆိုပါတယ်။

(၃) စကားလုံးလောက်ပဲ ပြင်ဆင်နိုင်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးအတွက် အချက်ပေါင်း ၁၃၅ချက်ကို ပြည်ထောင်စုလွှတ်တော်မှာ ကိုးရက်ကြာမဲခွဲပြီးတဲ့နောက်မှာတော့ စုစုပေါင်း လေးချက်ကိုပဲ ပြင်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီလေးချက်မှာ သုံးချက်က အိုမင်းမစွမ်းဆိုတဲ့ စကားရပ်အစား သက်ကြီးရွယ်အို၊ မသန်မစွမ်းဆိုတဲ့ စကားလုံးအစား မသန်စွမ်း ဆိုတဲ့ စကားလုံးတို့နဲ့ အစားထိုးပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နောက်တစ်ချက်ကတော့ အဓိပ္ပာယ်ပြောင်းလဲမှုမရှိတဲ့ပုဒ်မ တစ်ခုတို့ ဖြစ်ပါတယ်။

အဲဒီပုဒ်မက တိုင်းနဲ့ပြည်နယ်ဝန်ကြီးတွေကို ခန့်အပ်တဲ့ ပုဒ်မ ၂၆၁(က) ပုဒ်မခွဲ(၂) ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်မဟုတ်သူများထဲ ဖြစ်စေ ဆိုတဲ့စကားရပ်အစား လွှတ်တော်ကိုယ်စားလှယ်များထဲဖြစ်စေ၊ ပြင်ပကဖြစ်စေ သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီသူများကို ခန့်အပ်နိုင်တယ်ဆိုတဲ့ စကားရပ်ဖြစ်ပါတယ်။

ဒီပုဒ်မကလည်း တပ်မတော်နဲ့ အန်အယ်လ်ဒီတို့က တူညီတဲ့ပြင်ဆင်ချက် တင်သွင်းလို့ နှစ်ဖက်လုံးက ထောက်ခံမဲပေးတာကြောင့် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲနဲ့ ပြင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ဒီလောက်ခက်မယ်မထင်ဘူးလို့ အန်အယ်လ်ဒီပါတီရဲ့ ရှေ့ပိုင်းက ပြောကြားချက်တွေအပေါ် တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ်ဗိုလ်မှူး မျိုးထက်ဝင်းက နိုင်ငံရေးအောက်လုံးမထိုးဖို့နဲ့ အဲဒီကနေ ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေက အန္တရာယ်ရှိနိုင်တယ်လို့ တုံ့ပြန်ပြော ကြားထားပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ကိုရိုနာကပ်ဘေးအတွက် ကျပ် တစ်ရာဘီလျံ ဘယ်လိုသုံးမလဲ၊ ကုသရေးပစ္စည်းမလောက်လို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့သောက၊ နိုင်ငံရေး အောက်လုံး မထိုးဖို့ တပ်မတော် တုံ့ပြန် အပါအဝင် တစ်ပတ်အတွင်း သတင်းသုံးသပ်ချက်
ข่าวที่เกี่ยวข้อง