Khaosod
Online

วันพฤหัสบดี ที่ 4 มิ.ย. 2563

ကျောက်၊ ပလိပ်နဲ့ ကာလဝမ်း ၊ မြန်မာတွေ ကြောက်ခဲ့ရတဲ့ ကူးစက်ရောဂါများ

4 เม.ย. 2563 - 00:49 น.

မြန်မာစကားမှာ ကပ်ကြီးသုံးပါးက ကင်းလွတ်ပါရစေလို့ ဆုတောင်းလေ့ရှိပါတယ်။ သမိုင်းတလျောက် မြန်မာပြည်မှာ ကပ်ဘေးတွေကြောင့် ပျက်စီးသွားတဲ့ မြို့ရွာတွေ ရှိခဲ့ကြောင်းလည်း သမိုင်းပါမောက္ခ ဒေါက်တာတိုးလှက ကုန်းဘောင်ခေတ် ကျေးလက် လူမှုစီးပွားဘဝ စာအုပ်မှာ ရေးသားခဲ့ပါတယ်။ ကာလနာ ဆိုတဲ့ ဆိုးရွားတဲ့ ကပ်ရောဂါတွေထဲမှာ ကျောက်၊ ဝမ်းနဲ့ ဝက်သက် စတဲ့ ရောဂါတွေ အပြင် ပလိပ်၊ တုပ်ကွေးစတဲ့ ရောဂါတွေလည်း ပါပါတယ်။

တကယ်က မြန်မာပြည်မှာ ကပ်ရောဂါတွေ ကူးစက်တဲ့ အကြောင်း သမိုင်းမှတ်တမ်းတွေမှာ ပါခဲ့ပါတယ်။ (၁၄) ရာစုက အင်းဝမြို့ကို တည်ထောင်တဲ့ သတိုးမင်းဖျားဟာ ကျောက်ပေါက်ပြီး နတ်ရွာစံတာ ဖြစ်သလို နောက်ဆုံး မြန်မာဘုရင် သီပေါမင်းရဲ့ သားတော် ရွှေကိုယ်တော်မြတ်ကြီးဘုရားနဲ့ နန်းကျဘုရင်ဟောင်း ပုဂံမင်းတို့ဟာလည်း ကျောက်ရောဂါနဲ့ တချိန်တည်းလိုလို ကံကုန်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ အနှစ်တထောင်ကျော် မြန်မာတွေ တရုတ်ပြည်ဘက်ကနေ လက်ရှိနေရာကို ရွှေ့လာစဉ်က စွတ်စိုပြီး ရောဂါထူထပ်တဲ့ တောင်ပိုင်းထက် ခြောက်သွေ့တဲ့ မြောက်ပိုင်းကို ရွေးချယ်ခဲ့ကြတယ်လို့လည်း သမိုင်းပါမောက္ခ ဒေါက်တာ သန်းထွန်းက ရေးသားခဲ့ပါတယ်။ ဒီလို ရာသီဥတုကြမ်းလို့ (၁၃) ရာစုက မွန်ဂိုတွေ မြန်မာပြည်ကို ကြာကြာ မသိမ်းနိုင်ဘဲ ပြန်ဆုတ်သွားရတယ်လို့လည်း ဆိုပါတယ်။

နောက် ညောင်ရမ်းခေတ်က ဇာဂရုနဲ့နတ်စက်ရောင် စတဲ့ သိုက်စာတွေမှာ ဒီလို ကပ်ဘေးဆိုက်ပြီး ရောဂါတွေ ထူပြောမှာကို ဟောကိန်းထုတ်တာတွေ ရှိခဲ့ပါတယ်။

တခါ မြန်မာပြည်ဟာ အိန္ဒိယနဲ့ ဆက်နေလို့ အဲဒီဘက်က ကပ်ရောဂါတွေ ကူးစက်လာတာ ဖြစ်နိုင်တယ်လို့လည်း ကိုလိုနီခေတ် မြန်မာပြည်က ရောဂါများနဲ့ လူဦးရေဖွဲ့စည်းမှု စာအုပ်ကိုရေးသားခဲ့တဲ့ ဂျူးဒစ်သ်ရစ်ချဲက ဆိုပါတယ်။

နောက် တရုတ်ပြည် ယူနန်နယ်နဲ့ ကျောချင်းစပ်နေတဲ့အတွက် အဲဒီက ပလိပ်ရောဂါ မြန်မာပြည်ထဲ ရောက်လာတယ် ဆိုသလို အိန္ဒိယက ဝင်လာတဲ့ သိန်းချီတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဆီက ကာလဝမ်းနဲ့ တုပ်ကွေးစတဲ့ ရောဂါတွေ ကူးစက်ခဲ့ တယ်လို့လည်း ဆိုကြပါတယ်။ (၁၉) ရာစုအကုန်က မြန်မာပြည်မှာ လူသေဆုံးမှုရဲ့ (၁ဝ) ရာခိုင်နှုန်းဟာ ကျောက်၊ ပလိပ်နဲ့ ကာလဝမ်းရောဂါတွေကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီရောဂါတွေက ကူးစက်မြန်ပြီး ရက်ပိုင်း နာရီပိုင်းအတွင်း သေဆုံးတတ်တာကြောင့် လူတွေ အထူးကြောက်ရွံ့ကြသလို အုပ်ချုပ်သူတွေအတွက်လည်း ထိန်းချုပ်ရ ခက်ခဲခဲ့ပါတယ်။ ဒါကြောင့် ၁၈၇ဝ ကျော်က ဗြိတိသျှပိုင် ရန်ကုန်မှာ ထုတ်တဲ့ မြန်မာ သတင်းစာတချို့မှာ ကျန်းမာရေး သတင်းကို ထည့်သွင်းတာ တွေ့ရပြီး နွေ၊ မိုး၊ ဆောင်း သုံးရာသီမှာ ကာလရောဂါတွေ ဖြစ်ပွားမှု ရှိမရှိ သတင်းပို့တတ်ကြပါတယ်။ နောက် နေအိမ်နဲ့ ဝန်းကျင်ကို သန့်ရှင်းအောင် ထားဖို့လည်း သတိပေးပါတယ်။

သံပုံးတီးပြီး တောထုတ်

ခေတ်မီနည်းတွေ မပေါ်ခင်က ဒီကူးစက်ရောဂါတွေကို ရိုးရာဆေးဝါးနဲ့ ယုံကြည်မှုတွေ သုံးပြီး ကုစားကြပါတယ်။ ဒီထဲမှာ တောထုတ်တာ၊ ပရိတ်ရွတ်တာနဲ့ ပရိတ်ရေ ပရိတ်သဲတွေ ဖျန်းပက်တာတွေ ပါသလို နတ်တင်တာနဲ့ ခေါစာပစ်တာလို ဓလေ့တွေကို ကျင့်သုံးခဲ့ကြပါတယ်။ ဘာသာရေးအရလည်း ပလိပ်ရောဂါဖြစ်စေတဲ့ ဘီလူးသဘက်တွေရန်က ကာကွယ်ဖို့ဆိုပြီး ကျွဲနွားသား စားတာ ရှောင်ကြဉ်ဖို့ လယ်တီဆရာတော်က ရောဂန္တရဒီပနီမှာ ရေးသား လှုံ့ဆော်ခဲ့ပါတယ်။

ဗြိတိသျှ သိမ်းပိုက်မှု ခံခဲ့ရပေမယ့် မြန်မာပြည်မှာ ရိုးရာ နည်းလမ်းတွေနဲ့ ကုသတာတွေ ဆက်ပြီး အားကောင်းနေခဲ့ပါတယ်။ အဓိကကတော့ ဗြိတိသျှ အုပ်ချုပ်ရေးကို အယုံအကြည် မရှိတာနဲ့ ရိုးရာ အစွဲအလမ်းတွေကို ဖက်တွယ်ထားတာ တွေကြောင့် ဖြစ်ပါတယ်။ ၁၉ဝ၉ ထုတ် ဆရာပေါရဲ့ ပလိပ်ရောဂါကုထုံးကျမ်းမှာဆိုရင် ပလိပ်ကို အင်္ဂလိပ်တွေ မကုတတ်ဘူးလို့တောင် ရေးပါတယ်။

နောက်ပြီး ကိုလိုနီခေတ်မှာ ဆေးဘက်ကို ဗြိတိသျှ စစ်အရာရှိတွေကပဲ ကြီးစိုးတာ များတဲ့အတွက် မြန်မာဒေသခံတွေရဲ့ ယုံကြည်မှုကို ရဖို့ ခက်ပါတယ်။ မြန်မာပြည်မှာ ခေတ်ပညာသင်ကြားမှုက လွတ်လပ်ရေး မရခင်အထိ လူအများစု လက်လှမ်းမမီခဲ့တာကလည်း ခေတ်မီ ကျန်းမာရေး ဗဟုသုတ အားနည်းတဲ့ အကြောင်း တချက် ဖြစ်ပါတယ်။

ဒါကြောင့် ဥရောပနိုင်ငံတွေမှာ ကျောက်ရောဂါ အမြစ်ပြတ်တာ အနှစ် တရာလောက် ရှိချိန်မှာ မြန်မာပြည်မှာတော့ လွတ်လပ်ရေးရပြီးတဲ့အထိ တိုက်ဖျက်ရတုန်း ရှိသေးတယ်ဆိုပြီး လူထုဒေါ်အမာက ရေးသားခဲ့ပါတယ်။ ဒါဟာ မြန်မာပြည် မှာသာမက ကိုလိုနီအောက် ကျခဲ့တဲ့ တခြား အာရှ အာဖရိကနိုင်ငံတွေမှာလည်း ဒီလို ရောဂါဆိုးတွေ ကြီးစိုးတာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိုလိုနီ အုပ်ချုပ်ရေးမှာ နယ်ခံတွေရဲ့ ကျန်းမာရေး ပညာရေးကို မြှင့်တင်ဖို့ထက် ကုန်ကြမ်း ရယူဖို့နဲ့ ကုန်ချောရောင်းချဖို့ကို ကိုလိုနီ အစိုးရတွေက ပိုပြီး အားပေးခဲ့လို့ ဒီလို ရောဂါတွေ အမြစ်မပြတ် ဖြစ်ခဲ့တာပါ။ နောက်ပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍမှာ ပညာပေးမှု အားနည်းခဲ့ပါတယ်။

ပလိပ်ကြွက်လွှတ်သလား

ဒါကြောင့် ပလိပ်ရောဂါ ဖြစ်စေတဲ့ ကြွက်တွေကို အင်္ဂလိပ်အစိုးရက လွှတ်တယ်ဆိုတဲ့ ကောလာဟလတွေ ကြောင့် ပလိပ်ကာကွယ်ဆေး မထိုးကြတဲ့အတွက် (၂ဝ) ရာစုဆန်းစက မြန်မာပြည်မှာ လူအသေအပျောက် များခဲ့ပါတယ်။

၁၉ဝ၆ က မန္တလေးကို ဗြိတိသျှ အိမ်ရှေ့မင်းသား ဂျော့ လာစဉ်က မြို့က စည်လွန်းအားကြီးတယ်ဆိုပြီး ပြောသွားပြီး နောက်မကြာခင်မှာ ပလိပ်ရောဂါ အကြီးအကျယ် စဖြစ်တယ်လို့ ရွှေဥဒေါင်းက တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်မှာ ရေးသားခဲ့ပါတယ်။ ရောဂါဖြစ်တဲ့ အိမ်မှာ ကြွက်သေတွေ့ရင် ကြွက်ကျတယ်လို့ ဆိုကြပြီး မကြာခင် အိမ်မှာရှိတဲ့လူတွေပေါင်မှာ အကျိတ်ထွက် ဖျားနာပြီး နှစ်ရက်သုံးရက်အတွင်း သေဆုံးတတ်တာကြောင့် လူနာကို ပစ်ပြီး အိမ်လိုက် ထွက်ပြေးတာတွေ ဖြစ်ခဲ့ပါတယ်။

ဒီလို ကြွက်ကျလို့ ပလိပ်ဖြစ်ရင် အစိုးရကို အကြောင်းကြားရပြီး အကြောင်းမကြားဘဲ ကျိတ်ကုရင် ဒဏ်ရိုက်ပါတယ်။ နောက် ရောဂါကြောင့် သေသူရဲ့အလောင်းကို မိသားစုက သင်္ဂြိုဟ်ခွင့်မရှိဘဲ အလောင်းကို စည်ပင်က မြင်းရထားနက်ကြီးနဲ့ လာယူပြီး သူ့အဝတ်အစားနဲ့ အသုံးအဆောင်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတတ်တယ်လို့လည်း လူထုဒေါ်အမာက မန္တလေးမြို့နဲ့ ပလိပ်ကပ်ရောဂါ ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။ လူနာကို ပြုစုရင်း ပြုစုသူတွေကိုပါ ကူးစက်သေဆုံး တာတွေလည်း ရှိခဲ့ပါတယ်။

ဒီလိုသေဆုံးမှုတွေကြောင့် မန္တလေးနဲ့ မြို့ကြီးတချို့မှာ နှစ်စဉ် ဆောင်းရာသီ ပလိပ်ရောဂါဖြစ်ချိန်မှာ မြို့နေလူထု ထောင်နဲ့ချီပြီး ပလိပ်ပြေး ပြေးကြပါတယ်။ ဒီလို ပြေးရင်း ပလိပ်ရောဂါက တခြားနယ်တွေကို ကူးစက်ကုန်တာ တွေ ရှိသလို အရောင်းအဝယ်နဲ့ စီးပွားရေးတွေ ဆုတ်ယုတ်ပျက်ပြားခဲ့ပါတယ်။

တခါ မန္တလေးမှာ ၁၉ဝ၁ ကနေ ၁၉၁၁ အတွင်း လူဦးရေ လေးပုံတပုံလောက် လျော့ကျသွားတယ်လို့လည်း အဲဒီခေတ်ကထုတ်တဲ့ ရတနာပုံမဂ္ဂဇိန် မှာ ဖော်ပြခဲ့ပါတယ်။ လျော့ကျတဲ့ အကြောင်းကို မဖော်ပြပေမယ့် အဲဒီနှစ်တွေအတွင်း မန္တလေးမှာ ပလိပ်ရောဂါ အကြီးအကျယ် ဖြစ်ပွားခဲ့တာပါ။ မန္တလေးမှာသာ လူဦးရေ လျော့သွားပေမယ့် တခြားမြို့တွေမှာ လူဦးရေ တိုးလာတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် မြို့ကို ပြန်စည်လာအောင် အိန္ဒိယက ပက်ရှ်ဝါအရပ်မှာ စေတီဟောင်းတဆူကနေ ထွက်ပေါ်လာတဲ့ ဓာတ်တော်ကို သွားပင့်ပြီး မန္တလေးတောင်မှာ ထားရှိခဲ့ပါတယ်။

လူ၁၂ သန်းကို ဆရာဝန် တရာနဲ့ ကုတဲ့ခေတ်

ဒီလို ကပ်ရောဂါတွေ ဖြစ်လာချိန်မှာ ကုသမယ့် ဆရာဝန် အရေအတွက်ကလည်း နည်းလွန်းလှပါတယ်။ မြန်မာပြည်မှာ ဆေးပညာ သင်ပေးနိုင်တဲ့ ကောလိပ်ကျောင်းက ၁၉၂ဝ ကျော်မှ ရန်ကုန်မှာ ဖွင့်နိုင်ခဲ့ပြီး ဒီအရင်ကဆိုရင် အိန္ဒိယနဲ့ ဗြိတိန်မှာ သွားသင်ကြရတာ ဖြစ်ပါတယ်။

၁၉၁ဝ လောက်က မြန်မာပြည်မှာ (၁၂) သန်းလောက်ရှိတဲ့ လူဦးရေ အတွက် ဆရာဝန်က တရာ မပြည့်ခဲ့ပါဘူး။ အိန္ဒိယက ဆေးသင်တန်းဆင်းတဲ့ အမ်ဘီဘီအက်စ်မဟုတ်တဲ့ ဆေးရုံလက်ထောက်ကလည်း ၃၅ဝ လောက်ပဲ ရှိပါတယ်။

ဆရာဝန်နည်းတာအပြင် ဆေးရုံတက်ကုတာလည်း နည်းတဲ့အတွက် ကူးစက်ရောဂါတွေ ဖြစ်ခဲ့ရင် အဖိတ်အစင် အသေအပျောက် များပါတယ်။ ၁၉၂ဝ ကျော်က မုံရွာမှာ ပလိပ်ဖြစ်သေသူတွေများလို့ တကျင်းထဲ သုံးလေးလောင်း ထပ်မြှုပ်ရသလို အခေါင်းမစပ်နိုင်တော့တဲ့အတွက် ဖျာလိပ်နဲ့ ပတ်ပြီး ချကြရတယ် လို့လည်း နိုင်ငံတော်ကောင်စီဝင်ဟောင်း ဦးဘညိမ်ရေးခဲ့တဲ့ ဦးဘညိမ်ရဲ့ ဦးဘညိမ် စာအုပ်မှာ ဖော်ပြထားပါတယ်။

ဝမ်းရောဂါဖြစ်ချိန်မှာ ဝမ်းလျှောပြီး မျောသွားတာကို သေပြီထင်ပြီး မှားယွင်းမြှုပ်မိ၊ အလောင်းစွန့်ပစ်မိတဲ့အကြောင်း မောင်ထင်ရဲ့ ဗေဒင် နဲ့ ရွှေဥဒေါင်းရဲ့ ဝင်္ကန္တလို ဝတ္ထုမျိုးတွေလည်း ကိုလိုနီခေတ်နဲ့ စစ်ပြီးခေတ်မှာ ထွက်ရှိခဲ့ပါတယ်။ အဲဒီခေတ်က ကပ်ရောဂါအချိန်တွေမှာ အစိုးရကျန်းမာရေး ဝန်ထမ်းတွေက လူသေကြောင်း စနစ်တကျ အတည်မပြုနိုင်တာကို ဒီစာတွေက ပြနေပါတယ်။

တခါ ရောဂါ အသေအပျောက် စာရင်းမှာလည်း အစိုးရ ထုတ်တဲ့ စာရင်းနဲ့ အရပ်က ကောက်တဲ့စာရင်းကွာတာတွေ ရှိခဲ့ပါတယ်။ နောက် သေဆုံးသူများရင် ရပ်ရွာအာဏာပိုင်တွေကို အရေးယူခံရမှာစိုးလို့ အသေအပျောက် စာရင်းမှာ ရိုးရိုးအဖျားဆိုပြီး ရောဂါ နာမည်ပြောင်းထည့်တာတွေ ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မနဲ့ အုပ်ချုပ်ရေးမှာ တဆက်တည်း မရှိတဲ့ တောင်တန်းဒေသတွေမှာတော့ ရောဂါထိန်းချုပ်ရေးနဲ့ ကုသရေးမှာ ပိုပြီး အားနည်းလျော့ပါးတာတွေ ရှိခဲ့ပါတယ်။

နောက် ရောဂါကာကွယ်ရေးအတွက် အစိုးရက ဆေးထိုးဖို့ စီမံတာတွေကိုလည်း ဒေသခံတွေက လိုက်နာမှု နည်းပါတယ်။ ဝံသာနုခေတ်က မြန်မာပြည် ကျေးလက်ဒေသတွေမှာ ချစ်တီးငွေချေးသူတွေနဲ့ အစိုးရ အာဏာပိုင်တွေ အပါအဝင် ကျောက်ထိုးဆရာတွေကိုပါ ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ရှိခဲ့တယ်လို့လည်း မိုက်ကယ်ချာနီရဲ့ ခေတ်သစ်မြန်မာပြည်သမိုင်း စာအုပ်မှာ ပါရှိပါတယ်။

စစ်အတွင်း ဂျပန်အုပ်ချုပ်မှုအောက်မှာတော့ ပလိပ်ရောဂါတိုက်ဖျက်ရေးအတွက် အိမ်တွေမှာ ကြွက်ဖမ်းခိုင်းတာတွေ ရှိခဲ့သလို အတင်းအကျပ် ပညာပေး ဟောပြောတာတွေ လုပ်ခဲ့ပါတယ်။ ခရီးသွားတဲ့အခါ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်မပြနိုင်ရင် ဒဏ်တပ်တာ၊ ဆေးထိုးတာတွေ ရှိခဲ့သလို ရောဂါဖြစ်တဲ့နေရာကို သွပ်ပြားတွေနဲ့ ပိတ်ပြီး အထဲနဲ့အပြင် အဆက်အသွယ်ဖြတ်တာတွေ ရှိခဲ့တယ်လို့ ခင်မျိုးချစ်ရဲ့ ဂျပန်အောက်မှာ သုံးနှစ်တာစာအုပ်မှာ ဖော်ပြပါတယ်။

ကမ္ဘာပေါ်က ပျောက်တဲ့ရောဂါ

ခေတ်အဆက်ဆက် ကျောက်ကြီးပေါက်ပြီး သေဆုံးသူ၊ မျက်စိကွယ်သူ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူတွေ မြန်မာပြည်မှာ များခဲ့ပါတယ်။ ဒီလို အသေအပျောက်များပေမယ့် မန္တလေးမှာ ကျောက်ဆေးထိုးဖို့ လာတဲ့ ကျောက်ထိုးဆရာကို အမေတွေက ငွေနှစ်ကျပ်ပေးပြီး မထိုးခိုင်းကြဘူးလို့ လူထုဒေါ်အမာက ကျွန်မတို့ငယ်ငယ်က စာအုပ်မှာ ရေးပါတယ်။ ကျောက်ဆေးထိုးလို့ အနာရင်းပြီး ဖျားရင် ကလေး ချူချာတယ် ဆိုပြီး မြန်မာမိဘတွေက ယူဆလို့ ဖြစ်ပါတယ်။

နောက် မြန်မာနည်းနဲ့ ကျောက်ထိုးရာမှာ ကျောက်ပေါက်သူရဲ့ အနာက ပြည်နဲ့ ကျောက်ဖေးတွေကို ထည့်တာဖြစ်လို့ ကျောက်ရည် ပမာဏ များသွားရင် ကျောက်လုံးအထွက်များပြီး သေဆုံးတာတွေ ဖြစ်ခဲ့လို့ ဆေးမထိုးရဲတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျောက်ကြီး ရောဂါဖြစ်တဲ့ နွားကလေးရဲ့ ကျောက်ရည်ကို ထိုးတဲ့နည်းကို နောက်ပိုင်း ပြောင်းလဲ ကျင့်သုံးခဲ့ပါတယ်။

၁၉၄၈ ကနေ ၁၉၆၃ ကြား မြန်မာပြည်မှာ ကျောက်ရောဂါနဲ့ သေသူ တသောင်းကျော် ခဲ့ပေမယ့် ၁၉၆၄ မှာ တိုက်ဖျက်ရေး စီမံကိန်း စပြီးနောက် ကျဆင်းလာပြီး ၁၉၇ဝ မှာ သေသူ ၁၇ ယောက်သာ ရှိတော့တယ်လို့လည်း တင်နိုင်တိုးရဲ့ သမိုင်း တကွေ့ မှတ်တမ်း စာအုပ်မှာ ဖော်ပြပါတယ်။ အဲဒီနောက် သေဆုံးမှု စာရင်းမရတော့တဲ့အတွက် ၁၉၇၂ ခုနှစ်မှာ ကင်းစင်ကြောင်း ကြေညာခဲ့ပါတယ်။ ကျောက်ကြီးရောဂါဟာ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖိဖိစီးစီး တိုက်ဖျက်မှု ကြောင့် ၁၉၈ဝ မှာ ကမ္ဘာပေါ်က ပျောက်ကွယ်သွားကြောင်း ကြေညာခဲ့ပါတယ်။

မန္တလေးမှာတော့ ကျောက်ထိုးရုံကွေ့ဆိုပြီး မဟာမုနိဘုရားကြီးကနေ စစ်ကိုင်းသွားတဲ့လမ်းက ကျောက်ထိုးရုံနေရာကို အစွဲပြု ခေါ်နေကြဆဲ ဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာန သီးခြားဖွင့်

မြန်မာနိုင်ငံမှာ ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် လွတ်လပ်ရေး ရပြီးနောက် အစိုးရတွေက အားထုတ်ခဲ့ကြပါတယ်။ ကူးစက်ရောဂါမှာလည်း ကပ်ရောဂါအသွင်ဆောင်တဲ့ ကျောက်၊ ပလိပ်၊ ကာလဝမ်း၊ ဝက်သက် စတဲ့ ရောဂါတွေနဲ့ တဖြည်းဖြည်း ကူးစက်ပြန့်ပွားနေတဲ့ တီဘီ၊ ကာလသား၊ ငှက်ဖျားနဲ့ အရေပြားရောဂါ စတဲ့ မတူတဲ့ တိုက်ဖျက်ရေး လုပ်ငန်းတွေ ရှိပါတယ်။

အရင်က ပြည်သူ့ဝန်ထမ်း ဝန်ကြီးဌာနအောက်မှာရှိတဲ့ ကျန်းမာရေး ဌာနကို ၁၉၅၃ မှာ သီးခြား ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းခဲ့ပါတယ်။

ဦးနုခေတ်မှာ ပြည်တော်သာ စတဲ့ စီမံကိန်းတွေအရ မြို့နယ်တိုင်းမှာ ဆေးရုံနဲ့ ဆရာဝန် ထားရှိဖို့ ကြိုးစားတာ၊ ကျေးလက် ကျန်းမာရေး ဌာနတွေ တိုးချဲ့တာ၊ ဆေးဝါးစက်ရုံတည်ဆောက်တာနဲ့ ဆေးကောလိပ်သစ် ဖွင့်လှစ်ပြီး ဆရာဝန်တွေ မွေးထုတ်တာတွေ လုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်မှာလည်း ကျန်းမာရေး စောင့်ရှောက်မှုကို ပိုခေတ်မီအောင် ကြိုးစားခဲ့ပေမယ့် ပြည်တွင်းစစ်နဲ့ စီးပွားရေး မအောင်မြင်မှုတွေကြောင့် ရောဂါတိုက်ဖျက်ရေးမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေ နဲ့ မယှဉ်နိုင်တာတွေ ရှိခဲ့ပါတယ်။

လွတ်လပ်ပြီးနောက်ကျန်းမာရေး ပညာပေးမှုကို ပိုထိရောက်အောင် အစိုးရရုပ်ရှင်ဌာနနဲ့ စာကြည့်တိုက်၊ ကျောင်းစတာတွေကနေ ကြိုးစားခဲ့ပါတယ်။ အစိုးရကျောင်းတွေကို ကျေးလက်တွေမှာ တိုးချဲ့ဖွင့်တာနဲ့ အလုပ်အကိုင်အတွက် ပညာရေး အားပေးတာတွေကြောင့်လည်း လူထုကြားထဲမှာ စစ်မဖြစ်ခင်ကထက် ကျန်းမာရေး အသိပညာ ပိုရှိလာတာပါ။ ဝမ်းရောဂါကာကွယ်ရေးအတွက် ရေကိုကျိုချက်သောက်ဖို့ ပညာပေးတဲ့ ပျက်အစဉ် ပြင်ခဏလို ပြဇာတ်မျိုးကိုလည်း ဦးနု ဝန်ကြီးချုပ် ဖြစ်စဉ်က ရေးသားခဲ့ပါတယ်။

ပလိပ်ရောဂါဟာ ၁၉၇၂ က တောင်ကြီးမှာ နောက်ဆုံးဖြစ်ပြီး မြန်မာပြည်မှာ အတွေ့ရနည်းသွားခဲ့ပါတယ်။ ကာလဝမ်းရောဂါထိန်းချုပ်ရေးမှာလည်း စနစ်ကျတဲ့ ရေပေးရေး စနစ်တွေ မြို့တွေမှာ ပေါ်ထွန်းလာတဲ့အတွက် ဖြစ်ပွားမှု ကျလာပြီး ရောဂါဖြစ်ရင်လည်း ကာကွယ်ဆေးထိုးမှုကို လက်ခံလာကြပါတယ်။ တီဘီ၊ ဝက်သက်၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ ပိုလီယို စတဲ့ ရောဂါတွေကို ကလေးကတည်းက ဆေးထိုးတဲ့ စီမံကိန်းတွေ လုပ်လာတဲ့အတွက်လည်း ကူးစက်ရောဂါ ဖြစ်ပွားမှု ကျဆင်းလာတာပါ။

ဒါပေမဲ့လည်း ၁၉၇ဝ နောက်ပိုင်းမှာ ရောက်ရှိလာတဲ့ သွေးလွန်တုပ်ကွေးလို အဖြစ်မြန်တဲ့ ကူးစက် ရောဂါအသစ်တွေ မြန်မာပြည်မှာ ဆက်လက် ခြိမ်းခြောက်နေဆဲ ဖြစ်သလို အသည်းရောင် အသားဝါ ဘီနဲ့စီ၊ အိပ်ချ်အိုင်ဗီ စတဲ့ ကူးစက်ရောဂါ တွေကိုလည်း ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ကျောက်၊ ပလိပ်နဲ့ ကာလဝမ်း ၊ မြန်မာတွေ ကြောက်ခဲ့ရတဲ့ ကူးစက်ရောဂါများ
ข่าวที่เกี่ยวข้อง