Khaosod
Online

วันพฤหัสบดี ที่ 4 มิ.ย. 2563

ဗိုင်းရပ်စ်ကြောင့် သီးသန့်ခွဲစောင့်ကြည့်မှုကိုမလိုက်နာသူတွေအမှုဖွင့်ခံရ၊ ကန့်သတ်ကာလအတွင်း မန္တလေးကအခြေခံလူတန်းစားတွေကို ကျပ်တစ်ဘီလျံ မတည်ထောက်ပံ့ဖို့ရှိ၊ ပြင်သစ်မှာ ဓားနဲ့တိုက်ခိုက်မှုကြောင့်နှစ်ဦးသေ

5 เม.ย. 2563 - 09:55 น.

() တားမြစ်မိန့်ကြောင့် မန္တလေးက အခြေခံလူတန်းစားတွေအတွက် ကျပ်တစ်ဘီလျံ ထောက်ပံ့မယ်

မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ခရီးသွားလာခွင့်အပါအဝင် အဝင်အထွက်တွေကို ဧပြီ ၇ ရက်ကစပြီး တားမြစ်ကန့်သတ်မှာဖြစ်ပါတယ်။

အဲဒီလို ကန့်သတ်တဲ့အခါမှာ အခြေခံလူတန်းစားတွေကိုမထိခိုက်စေဖို့ ကျပ် တစ်ဘီလျံ အသုံးပြုသွားမယ်လို့ မန္တလေးတိုင်း ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်က ဘီဘီစီကို ပြောပါတယ်။

" ဝင်ငွေနည်းပါးတဲ့ နိုင်ငံသားတွေအတွက် အစိုးရက အခြေခံစားသောက်ကုန်တွေထောက်ပံ့နိုင်အောင် ကြိုးပမ်းစီစဉ်ထားပါတယ်။ အဲဒီအတွက် တိုင်းဒေသကြီးရန်ပုံငွေက တစ်ဘီလျံ မတည်သုံးစွဲဖို့၊ တစ်ခါ အလှူရှင်များကိုလည်း ဖိတ်ခေါ်ထားပါတယ်" လို့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ရှင်းပြပါတယ်။

အဲဒီလိုထောက်ပံ့နိုင်ဖို့ မန္တလေးတိုင်းအတွင်းက အခြေခံလူတန်းစားတွေကို စာရင်းဇယားကောက်ယူထားရှိပြီးဖြစ်ပြီး သူတို့ကို စားရေရိက္ခာများပေးပို့ရာမှာ ရာဂါပိုးမပျံ့နှံ့တဲ့နည်းတွေနဲ့ ဖြန့်ဖြူးပေးဖို့ကိုပါ တစ်ပါတည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။ အဲဒီလိုစီစဉ်ရာမှာ မိသားစုတစ်စုအတွက် အိတ်ငယ်လေးတွေနဲ့ ဖန်တီးထုပ်ပိုးပြီး တစ်ခါတည်း ဖြန့်ဖြူးပေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ကူးစက်မှု local transmission ကို အထူး ဂရုစိုက်ဖို့ လိုအပ်လာလို့ မန္တလေးမှာ အသွားအလာ ထပ်မံ တင်းကြပ်မယ်လို့ မြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောပြီးနောက် ဧပြီ ၄ ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန်ခဲ့တာပါ။

ဧပြီ ၇ ရက် အင်္ဂါနေ့က စပြီး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ကိုနှစ်ပတ် ရပ်နားမှာဖြစ်ပြီး စားသောက်ကုန် နဲ့ ဆေးဝါးမပြတ်လပ်ဖို့ ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းကိုတော့ ဆက်လက်ခွင့်ပြုထားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်နဲ့ဆေး၊ ဆေးပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းနဲ့ စက်ရုံတွေကလွဲပြီး ကျန်လုပ်ငန်းတွေ ပိတ်ထားမှာ ဖြစ်ပါတယ်။

မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးနဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူ လေးထောင်ကျော် ရှိနေပါတယ်။

()ပြည်ပကပြန်လာသူတွေကို သီးသန့်စောင့်ကြည့်ရာမှာ စည်းကမ်းမလိုက်နာသူတွေကို အမှုဖွင့်

မြန်မာနိုင်ငံမှာ ပြည်ပကပြန်လာသူတွေကို ၁၄ ရက်ကြာ သီးသန့်ခွဲခြားစောင့်ကြည့်တဲ့အခါမှာ စည်းကမ်းမလိုက်နာသူတွေကို အမှုဖွင့်အရေးယူတာ တွေ ပြုလုပ်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပဲခူးတိုင်း သနပ်ပင်မြို့နယ်နဲ့ သာယာဝတီမြို့နယ်တို့မှာ အဲဒီလို စည်းကမ်းမလိုက်နာသူတွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

သနပ်ပင်၊ ဆယ်ဧကကျေးရွာက မူလတန်းကျောင်းတစ်ကျောင်းမှာ နေရပ်ကို ပြန်ရောက်လာသူ ၁၃ ဦးကိုသီးသန့်ခွဲခြားစောင့်ကြည့်ခဲ့ပြီး အဲဒီထဲက အမျိုးသား ၃ ဦးရဲ့ အဆောင်ကို ဦးလေးတော်စပ်သူက အရက်မူးပြီး ရောက်လာတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

သူဟာ အဆောင်အခန်းတံခါးကို ကန်ဖွင့်ပြီး ဝင်ရောက် ဆဲဆိုခဲ့တာကြောင့် ဧပြီ ၃ ရက်ညနေပိုင်းမှာ ဖမ်းဆီးထားပြီး အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

သာယာဝတီက အထက်တန်းကျောင်းတစ်ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ပြည်ပက ပြန်လာသူတွေကို စောင့်ကြည့်တဲ့ ပြည်သူလူထုအခြေပြုကန့်သတ်စခန်း ၁ မှာလည်း ထိုင်းက ပြန်လာတဲ့သူတစ်ဦးဟာ အရက်သောက်စားမူးယစ်ပြီး သူ့ကိုစောင့်ကြည့်လူနာအဖြစ် ထားရှိတာကိုမကျေနပ်တဲ့အတွက် အလှူရှင်တွေ ကျွေးမွေးတဲ့ ထမင်းဟင်းတွေကို လွှင့်ပစ်တာ၊ ဆဲဆိုတာတွေလုပ်ခဲ့လို့ ဖမ်းဆီးပြီး အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်းတမူးမြို့နယ်အတွင်း လူစုလူဝေးမလုပ်ရဘူးဆိုတဲ့ ဒေသန္တရအမိန့်ကိုမလိုက်နာဘဲ မင်္ဂလာပွဲပြုလုပ်ခဲ့တဲ့ သတို့သားကို ထောင် ၆ လနဲ့ ဒဏ်ငွေ ၁၀ သိန်းပေးဆောင်ဖို့ တမူးမြို့နယ်တရားရုံးက ဧပြီ ၃ ရက်က အမိန့်ချခဲ့ပါတယ်။

အဲဒီသတိုးသားဟာအမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်ပြီး မတ် ၂၈ ရက်နေ့က ခမိတ်ကျေးရွာအုပ်စုထဲမှာ မင်္ဂလာပွဲပြုလုပ်ခဲ့တာဖြစ်တယ်လို့ တမူးမြို့နယ် ပြန်ကြားရေးရုံးက ထုတ်ပြန်ထားပါတယ်။

သူဟာ မင်္ဂလာပွဲပြုလုပ်ခဲ့တဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) အရ ထောင် ၆ လနဲ့ လဝက ဥပဒေအရ ကျပ် ၁၀ သိန်းပေးဆောင်ရမှာဖြစ်ပါတယ်။ ကျပ် ၁၀ သိန်းမပေးဆောင်နိုင်ရင် ထောင်ခြောက်လ ကျခံရမှာဖြစ်ပြီး သူက ဒဏ်ငွေ ပေးဆောင်ခဲ့ပါတယ်။

သတိုးသားရဲ့ဖခင်ကိုလည်း အမေရိကန်နိုင်ငံသား သားဖြစ်သူ နေအိမ်မှာ တည်းခိုနေထိုင်တာကို သတင်းပို့ဖို့ ပျက်ကွက်တယ်ဆိုပြီး ဒဏ်ငွေ ၁၀ သိန်းပေးဆောင်ဖို့ အမိန့်ချခဲ့ပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းဘက်မှာလည်း ပြည်ပက ပြန်လာသူတွေကို သီးသန့်ခွဲခြားစောင့်ကြည့်တဲ့နေရာကနေ ထွက်ပြေးတဲ့အမျိုးသားတစ်ဦးကို ဖမ်းမိခဲ့ပြီး စောင့်ကြည့်ကာလ ၂ ပတ်ပြည့်တာနဲ့ ထောင်သုံးလ ကျခံဖို့ အာဏာပိုင်တွေက အမိန့်ချခဲ့ပါတယ်။

(၃) နယူးယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၅၀၀ ကျော် ထိ မြင့်တက်

နယူးယောက်မြို့က ဆေးရုံတွေမှာ ဆေးပစ္စည်းပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။
Getty Images
နယူးယောက်မြို့က ဆေးရုံတွေမှာ ဆေးပစ္စည်းပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။

နယူးယောက်မှာ မနေ့က တစ်ရက်တည်းနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသူပေါင်း ၆၃၀ ကျော်ရှိပြီး ဒါက စုစုပေါင်း သေဆုံးသူ ၃,၅၆၅ ထိ စံချိန်တင် ခဲ့တာပါ။

သေဆုံးမှုအများစုဟာ နယူးယောက်မြို့က ဖြစ်ပါတယ်။

နယူးယောက်ပြည်နယ်ဟာ အမေရိကန် ပြည်ထောင်စုမှာ ဗိုင်းရပ်စ် ကူးစက်ခံရမှုအများဆုံးဖြစ်ပြီး စုစုပေါင်း ၁၁၃,၀၀၀ ကျော် ဖြစ်ပါတယ်။ ဒါက အီတလီတစ်နိုင်ငံလုံးမှာ ဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်းနဲ့ အတူတူလောက် ပဲ ဖြစ်ပါတယ်။

နယူးယောက်ဟာ အမေရိကန်ပြည်ထောင်စုမှာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားရာ ဗဟိုချက်မဖြစ်နေပါတယ်။
Getty Images
နယူးယောက်ဟာ အမေရိကန်ပြည်ထောင်စုမှာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားရာ ဗဟိုချက်မဖြစ်နေပါတယ်။

နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကူမိုက ဗိုင်းရပ်စ် ကူးစက်မှုဟာ လာမယ့် လေးရက်ကနေ၁၄ ရက်အတွင်း အမြင့်ဆုံးအခြေအနေကို ရောက်နိုင်တယ်လို့ပြောပါတယ်။

အုပ်ချုပ်ရေးမှူးက လူနာတွေအတွက် အသက်ရှူစက်တွေများများ ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။ စနေနေ့က ရောက်လာတဲ့ တရုတ်က ပေးပို့လိုက်တဲ့ အသက်ရှူစက် အလုံး ၁၀၀၀ အတွက်လည်း တရုတ်နိုင်ငံကို ကျေးဇူးတင်တယ်လို့ သူကဆိုပါတယ်။

အဲဒီထဲက အော်ရီဂွန်ပြည်နယ်အတွက် အသက်ရှူစက် အလုံး ၁၄၀ ကျော်ကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၃၀၀,၀၀၀ ကျော်ရှိပြီး နယူးယောက်ပြည်နယ်တစ်ခုတည်းတင် ကူးစက်သူပေါင်း ၁၁၃,၀၀၀ ကျော်ရှိပြီး အဲဒီထဲက ၆၃,၀၀၀ ကျော်က နယူးယောက်မြို့တော်က ဖြစ်ပါတယ်။

အမေရိကန်တစ်နိုင်ငံလုံးမှာဆို ဒီဗိုင်းရပ်စ်နဲ့ လူပေါင်း ၈,၀၀၀ ကျော်ေ သဆုံးခဲ့ပါတယ်။

မစ္စတာ ကူမိုက နယူးယောက်မြို့တော်ထဲမှာ ရောဂါကူးစက်ဖြစ်ပွားနှုန်းနဲ့ သေဆုံးနှုန်းဟာ ဖြည်းဖြည်းချင်း တိုးလာနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အနီးနားမှာရှိတဲ့ လောင်းအိုင်ယာလန်ပြည်နယ်မှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာတာက စိုးရိမ်စရာကောင်းတယ်လို့ ဆိုပါတယ်။

အခြေအနေအဆိုးဆုံးဖြစ်နေတဲ့ နယူးယောက်ကို ကူညီဖို့ လူပေါင်း ၈၅,၀၀၀ ကျော်ကလည်း စာရင်းပေးခဲ့ကြပါတယ်။

နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုကတော့ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကူညီလုပ်ကိုင်ပေးမယ့်သူတွေ အရေးပေါ်လိုအပ်နေတယ်လို့ သူ့ရဲ့ ရှစ်သန်းသော မြို့နေလူထုကို သတင်းစကားပါးခဲ့ပါတယ်။

ဧပြီနဲ့မေလအတွင်း ဒီကပ်ရောဂါကို ကိုင်တွယ်ဖို့ ဆေးဝန်ထမ်းပေါင်း ၄၅,၀၀၀ ကျော် လိုအပ်မယ်လို့ မစ္စတာ ဒီဘလာစီယိုက ဆိုပါတယ်။

တစ်ကမ္ဘာလုံးမှာတော့ ဗိုင်းရပ်စ်ကူးစက်သူ တစ်သန်းတစ်သိန်းကျော် ရှိသွားပြီဖြစ်ပြီး ၆၀,၀၀၀ ကျော် သေဆုံးထားပြီဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် သုတေသနက ဆိုပါတယ်။

(၄) ပြင်သစ်မှာ ဓားကိုင်တိုက်ခိုက်မှုကြောင့် နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ အကြမ်းဖက်ဖို့ရည်ရွယ်ချက်ရှိတယ်လို့ ရဲတွေက ယူဆနေပါတယ်။
AFP
ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ အကြမ်းဖက်ဖို့ရည်ရွယ်ချက်ရှိတယ်လို့ ရဲတွေက ယူဆနေပါတယ်။

ပြင်သစ်အရှေ့တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားကိုင်တိုက်ခိုက်မှုအတွင်း သေဆုံးသူ နှစ်ဦးနဲ့ ဒဏ်ရာရသူ ငါးဦးရှိခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

မျက်မြင်သက်သေတွေပြောကြားချက်အရ အကြမ်းဖက်တိုက်ခိုက်သူဟာ ဟိုမန် ဆူလီဆာမြို့ထဲက ဆေးရွက်ကြီးရောင်းချတဲ့ဆိုင်ထဲ ဝင်ရောက်ပြီး အဲဒီက ဆိုင်ပိုင်ရှင်တွေနဲ့ ဖောက်သည်တစ်ဦးကို ဓားနဲ့ ထိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူဟာ အနီးအနားက အသားရောင်းချတဲ့ဆိုင်ကို သွားပြီးလူတွေကို တိုက်ခိုက်ခဲ့ပြန်တယ်လို့ ဆိုပါတယ်။

ပြင်သစ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သံသယတရားခံဟာ ဆူဒန်နိုင်ငံသား အသက် ၃၃ နှစ်အရွယ်ဖြစ်ပြီး အခုတော့ သူ့ကို ဖမ်းမိပြီလို့ ဆိုပါတယ်။

ပြင်သစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုအမြင့်ဆုံး ငါးနိုင်ငံစာရင်းထဲ ပါဝင်နေပါတယ်။
Getty Images
ပြင်သစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုအမြင့်ဆုံး ငါးနိုင်ငံစာရင်းထဲ ပါဝင်နေပါတယ်။

သူ့ကို ဖမ်းမိတဲ့အချိန်မှာပဲ သူဟာ ပလက်ဖောင်းပေါ်မှာ အာရဗီဘာသာနဲ့ ဒူးထောက်ဆုတောင်းလျက်သား တွေ့ရတယ်လို့ အစိုးရရှေ့နေက ဆိုပါတယ်။

ဒီတိုက်ခိုက်သူနဲ့ပတ်သက်လို့ ရဲနဲ့ ထောက်လှမ်းရေးဌာနတို့က သိရှိထားတာမရှိဘူးလို့ ပြင်သစ်သတင်းတွေက ဆိုပါတယ်။

တိုက်ခိုက်ရတဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးဘဲ ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖီကတ်စ်တာနာကတော့ အကြမ်းဖက်မှုဟာ တစ်ဦးတည်းဆောင်ရွက်တာဟုတ်မဟုတ် ပေါ်မူတည်ပြီး အမျိုးသားတန်ပြန်အကြမ်းဖက်ထောက်လှမ်းရေးရှေ့နေတွေက ဆုံးဖြတ်ဆောင်ရွက်လိမ့်မယ်လို့ ဆိုပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ဘာသာရေးဆိုင်ရာတွေကိုရေးသားထားတဲ့ လက်ရေးမူစာရွက်စာတမ်းတွေ တွေ့ခဲ့ရတယ်လို့ ရှေ့နေချုပ်ရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့က စနေ့နေ့မှာတော့ အဲဒီတိုက်ခိုက်သူနဲ့အတူနေသူတစ်ဦးကို ထပ်မံဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်းဒဏ်ရာရသူတွေထဲက နှစ်ဦးဟာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ပြင်သစ်ဟာ လတ်တလောမှာ ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေမှုကြောင့် အသွားအလာကန့်သတ်မှုတွေကို ပြုလုပ်ထားရတာဖြစ်ပါတယ်။ လူတွေကို အခြေခံလိုအပ်ချက်တွေ ဝယ်ယူဖို့ ဒါမှမဟုတ် တစ်ကိုယ်ရည်လေ့ကျင့်ခန်း တွေလုပ်ဖို့အတွက်သာ အပြင်အထွက်ခွင့် ပြုထားတာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ၊ မြို့တော် ပဲရစ်မှာ အစ္စလာမစ်အဖွဲ့ IS တိုက်ခိုက်မှုတွေကြုံခဲ့ရပြီးတဲ့နောက် ၂၀၁၅ ခုနှစ်တည်းက လုံခြုံရေးသတိရှိနေတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ဗိုင်းရပ်စ်ကြောင့် သီးသန့်ခွဲစောင့်ကြည့်မှုကိုမလိုက်နာသူတွေအမှုဖွင့်ခံရ၊ ကန့်သတ်ကာလအတွင်း မန္တလေးကအခြေခံလူတန်းစားတွေကို ကျပ်တစ်ဘီလျံ မတည်ထောက်ပံ့ဖို့ရှိ၊ ပြင်သစ်မှာ ဓားနဲ့တိုက်ခိုက်မှုကြောင့်နှစ်ဦးသေ
ข่าวที่เกี่ยวข้อง