စံကားမြို့ သို့ တိမ်မြုပ်နေတဲ့ မြို့ဟောင်း
ရှမ်းပြည်နယ်မှာ အင်းလေး၊ ပင်းတယ၊ ကလော၊ တောင်ကြီး ဆိုတဲ့နေရာတွေက လူတွေ အဓိကထားသွားလေ့ရှိတဲ့နေရာတွေ ဖြစ်ပါတယ်။
ဒီအထဲက အင်းလေးလို့ဆိုရင် ဒေသခံတွေအကြား ညောင်ရွှေအင်းလို့ အသိများပြီး ဒီအင်းနဲ့ တဆက်တစပ်တည်း စံကားနဲ့ ဖယ်ခုံအင်းဆိုတာတွေကို သိရှိသူ နည်းပါးပါတယ်။
အရင်က သွားလာရခက်ခဲတာကြောင့် စံကားနဲ့ ဖယ်ခုံအင်းကို လူသူ အရောက်အပေါက်နည်းပါးခဲ့ပါတယ်။
စံကားအင်းကို အင်းလေးကန်ကနေတဆင့် ရေလမ်းခရီးနဲ့ အချိန်အတော်ကြာ သွားရပေမယ့် လမ်းပန်းဆက်သွယ်ရေးတွေ တိုးတက်လာပြီးတဲ့နောက် ဒီအင်းကို ကုန်လမ်းကနေပါ သွားရောက် နိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ စံကားအင်းနဲ့ စံကားဒေသက ရှေးဟောင်းစေတီပုထိုးတွေရဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက် မီဒီယာ ဖေ့ဘွတ်ခ်မှာ ပျံ့နှံ့လာပြီးတဲ့နောက် ဒီအင်းနဲ့မြို့အကြောင်း လူတွေ သတိထားမိလာခဲ့ပါတယ်။
- ရခိုင်ညွန့်ဖူး မြို့မြောက်ဦး
- မြောက်ဦး ရှေးဟောင်းနယ်မြေ ယူနက်စကိုဝင်ဖို့ နောက်ဆုံး အဆိုပြု မူကြမ်း တင်ရတော့မယ်
အထူးသဖြင့် စံကားဒေသထဲမှာ တိမ်မြုပ်နေတဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေရဲ့လက်ရာတွေက ခမ်းနားလှပါတယ်။
ဒီခမ်းနားလှတဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ဘယ်သူတွေက ဖန်တီးခဲ့သလဲဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဒီယဉ်ကျေးမှုတွေအကြောင်း မပြောခင် စကားမြို့နဲ့ စကားအင်းအကြောင်း ပြောချင်ပါတယ်။
စံကားမြို့
တကယ်တော့ စံကားဒေသကို ထိုင်းနိုင်ငံ ချင်းဟိုင်းကို အုပ်စိုးတဲ့ စော်ဘွားရဲ့ ညီတော် ဗရားလိုင်းက နောက်လိုက်နောက်ပါတွေနဲ့ အေဒီ ၁၄၇၉ ခုနှစ်မှာ အခြေချ နေထိုင်ခဲ့ပါတယ်။
လက်ရှိရေတွေ လွှမ်းနေတဲ့ လွင်ပြင်မှာ ပင်လုံဆိုတဲ့ မြို့ကို စတင် တည်ထောင်ခဲ့ပါတယ်။
ဒီနောက် ဆက်ခံသူ အဆက်ဆက်က ဒီဒေသမှာ မြို့တွေကို ပြောင်းရွှေ့တည်ထားခဲ့ ကြတယ်လို့ သမိုင်းလေ့လာသူ စဝ်ထဝ်က ပြောပါတယ်။
ဒီနောက် မြန်မာ သက္ကရာဇ် ၁၁၃၆ ခုနှစ် ခရစ်သက္ကရာဇ် ၁၇၇၄ ခုနှစ်မှာ စော်ဘွား မင်းခွန်ဖြူက ပဉ္စမမြောက်မြို့ အဖြစ် စံကားမြို့ကို စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ မြို့ရိုး၊ ကျုံးတွေနဲ့ တည်ထောင်ခဲ့တာလို့ ဆိုပါတယ်။
ဥသြစည်သူ မင်းခွန်ဖြူဆိုပြီး မြို့တည်နှစ်ကို ဆောင်ပုဒ်နဲ့ မှတ်တမ်းတင်ထားပါတယ်။
ခရစ်သက္ကရာဇ် ၁၇၉၀ခုနှစ်မှာ အိမ်ခြေ ၁၉၆၀ နီးပါးရှိတဲ့ မြို့တခုအဖြစ် စံကားမြို့က စည်ပင်ခဲ့ပါတယ်။
အင်းလေးကန်ကနေတဆင့် ဒီဒေသကို ဖြတ်သန်းစီးဆင်းနေတဲ့ ဘီလူးချောင်းရဲ့ တဖက်တချက်ကို စံကား နယ်မြေ အဖြစ်သတ်မှတ်ပြီး ရွာတွေ၊ လယ်တွေများစွာ ရှိခဲ့ပါတယ်။
စံကားအင်းဆိုတာဘာလဲ
အရင်က စံကားမြို့တည်ရှိတဲ့ ပတ်ဝန်းကျင်ဟာ မိုးရာသီမှာ အင်းဖြစ်ပြီး ရေပြန်ကျသွားရင် ဒီမြေတွေပေါ်မှာ ဒေသခံတွေက စိုက်ပျိုး လုပ်ကိုင် စားသောက်ကြပါတယ်။
ဒါပေမဲ့၁၉၇၀ ခုနှစ် မိုးဗြဲရေလှောင်တမံကို စတင်ဆောက်လုပ်ခဲ့ပြီးတဲ့နောက် စံကားဒေသကိုရေတွေ စတင်ဝင်ရောက်လာပါတယ်။
၁၉၇၃ ခုနှစ်လောက်မှာ လူတွေနေလို့မရလောက်အောင် ရေနစ်မြုပ်ခဲ့ပြီး စံကားဒေသ ထက်ဝက်နီးပါးကို ရေလွှမ်းခဲ့ပါတယ်။

အနီးဝန်းကျင်မှာရှိတဲ့ ရွာပေါင်းများစွာ ပြောင်းရွှေ့ခဲ့ရပြီး နောက် စံကားအင်း ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ စံကားအင်းရေပြင်က ရှေ့နောက် ၄ မိုင်ကျယ်ပြီး တောင်မြောက်ဆိုရင် ၇ မိုင် ကျယ်ပါတယ်။ ရေအနက်က ၁၅ပေကနေ ပေ ၂၀ ဝန်းကျင် လောက်ရှိပါတယ်။
အင်းလေးကန်ကို သွားတဲ့ ညောင်ရွှေမြို့ကနေ စကားအင်းမှာ ရှိတဲ့ တာခေါင်ဘုရားထိ ရေမိုင်အားဖြင့် ၃၇ မိုင် ကွာဝေးပါတယ်။

စံကားဒေသက ယဉ်ကျေးမှု အမွေအနှစ်
အေဒီ၁၄၇၉ ခုနှစ်က စတည်ခဲ့တဲ့ စကားမြို့မှာရှိတဲ့ စေတီ ပုထိုးတွေနဲ့ အနုပညာ လက်ရာတွေကို ကြည့်ရင် ဒီဒေသဟာ တချိန်က ယဉ်ကျေးမှု အမွေအနှစ်တွေ ထွန်းကားခဲ့တဲ့နေရာဆိုတာ သိသာနေပါတယ်။
ဒါပေမဲ့ လူသူ အရောက်အပေါက်နည်းတာကြောင့် ဒီဒေသရဲ့ အလှအပက လူသိနည်းတိမ်မြုပ်နေတာ ဖြစ်ပါတယ်။
ဒီအထဲမှာ တက်ကျတက်ခေါင် တာခေါင်မွေတော်ဆိုတဲ့ တာခေါင်ရွာမှာရှိတဲ့ မွေတော်မှာ စေတီပုထိုးပေါင်း ၂၃၆ ဆူကို တစုတဝေးတည်း မြင်နိုင်ပါတယ်။
ဒီဒေသမှာ တည်ထားခဲ့တဲ့ စေတီပုထိုးတွေရဲ့ လက်ရာဟာ ယွန်းရှမ်းတွေရဲ့ လက်ရာ ဖြစ်ပြီး ဒီနေရာမှာ ယွန်းရှမ်းတွေ နေထိုင်ခဲ့တယ်လို့ သမိုင်းပညာရှင်တွေက သုံးသပ်ကြပါတယ်။
လက်ရှိအချိန်ထိလည်း ဒီဒေသခံတွေက ရှမ်းစကားကို ပြောဆိုနေတာကို တွေ့ရပါတယ်။
ဒီစေတီ ပုထိုးတွေဟာ အသောကနဲ့ အလောင်းစည်သူမင်း တည်ထားကိုးကွယ်တယ် ဆိုတဲ့ ရာဇဝင်ကို ယုံကြည်နေတဲ့သူတွေလည်း ရှိနေပါတယ်။
ဒီမွေတော်ထဲမှာရှိတဲ့ လျောင်းတော်မူဘုရားက အချိုးအစားကျပြီး မျက်နှာတော်က ရှမ်းရုပ်နဲ့ ဆင်တယ်လို့ စံကားဒေသနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ ပညာရှင်တဦးက ပြောပါတယ်။
ဒီနေရာမှာ ယွန်းလက်မှုပညာတွေကို တွေ့ရသလို စေတီတွေက သေးသေးရှည်ရှည်နဲ့ တက်သွားတာကလည်း ဒီစေတီတွေရဲ့ ထူးခြားချက် ဖြစ်တယ်လို့ ဆိုပါတယ်။
“ယွန်းထီးတွေက ချွန်ပြီး ခမောက်လို အလည်တည့်တည့်ကနေ ချွန်တက်သွားတယ်၊ ဖောင်းရစ် သေးသေးလေးနဲ့တည်တာက မြန်မာလို ချတ္တရဝါလီ ထီးများကို အစဉ်တစိုက် ဆင်ထားတယ်လို့ အဓိပ္ပာယ်ရပြီး ဒါက ယွန်းရှမ်းတွေရဲ့လက်ရာတွေ ဖြစ်တာ သိသာပါတယ်” လို့ သမိုင်းလေ့လာသူ စဝ်ထဝ်က ပြောပါတယ်။
ဒီမွေတော်ထဲမှာ သိကြားရုပ်၊ ဂဠုန်ရုပ်တွေကို တွေ့ရပြီး ဗမာတွေ ရှမ်းတွေက ဘုရားတည်ရင် များသောအားဖြင့် နဂါးရုပ်ကိုသာ ထုလုပ်ကြပေမယ့် ဂဠုန်ရုပ်ထုကို ထည့်သွင်းထားတာက ထိုင်းနဲ့ ဆက်နွှယ်နေတဲ့ သက်သေလို့လည်း ဆိုပါတယ်။
ကာလအတော်ကြာပြီ ဖြစ်တဲ့ စေတီပုထိုးတွေက သဘာဝဘေးအန္တရာယ်တွေသင့်ပြီး တချို့ စေတီပုထိုးတွေမှာဆိုရင် ဋ္ဌာပနာတွေကို ဖောက်ထွင်း ခိုးယူတာ ခံခဲ့ရတယ်လို့ တာခေါင် မွေတော် ဂေါပက အဖွဲ့က ရှင်းပြပါတယ်။
ဒီအနီးနားမှာလည်း ရေထဲမှာနစ်မြုပ်နေတဲ့ စေတီပုထိုးတွေကိုလည်း တွေ့နိုင်ပါတယ်။
ဒီမှာရှိတဲ့ ရှေးဟောင်းစေတီပုထိုးတွေက အင်းတိန်၊ ကက္ကူက လက်ရာတွေနဲ့ ထထေရာတည်းဆင်တူနေပြီး အင်းကနေ ကက္ကူတလျှောက်မှာ ဒီလို အလားသဏ္ဍာန် တူတဲ့ စေတီပုထိုးတွေကို တွေ့မြင်ရပါတယ်။
ဒါပေမဲ့ ဒီမှာရှိတဲ့ တချို့စေတီပုထိုးတွေဆိုရင် အသစ်ပြန်လည် မွမ်းမံနေပြီး ဒီလိုမွမ်းမံမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးက သမိုင်းရဲ့ တန်ဖိုးတွေ ပျက်သွားတယ်လို့ တက်ကျွမ်းနားလည်သူတွေက ထောက်ပြပါတယ်။
ခရီးသွားဧည့်လမ်းညွန်တဦးက သူခေါ်လာတဲ့ နိုင်ငံခြားခရီးသွားတွေက ပြုပြင်တဲ့ စေတီ ပုထိုးတွေထက် မပြုပြင်ဘဲထားတဲ့ စေတီ ပုထိုးတွေကို ပိုအာရုံထားသွားကြည့်တယ်လို့ ပြောပါတယ်။
စံကားဒေသမှာ ရှိတဲ့ စေတီပုထိုးတွေကို အသစ်ပြန်လည် မွမ်းမံမှုတွေက တိမ်မြုပ်နေတဲ့ ဒီဒေသရဲ့ သမိုင်းမှန်ကို သိနိုင်ဖို့ ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။