Khaosod
Online

วันอาทิตย์ ที่ 29 พ.ย. 2563

"မိန်းမက ကျွန်တော့်ကို ၁၀ နှစ် မုဒိမ်းကျင့်ခဲ့တယ်"

21 พ.ค. 2563 - 22:52 น.

အိမ်တွင်းအကြမ်းဖက်ခံရတဲ့ သတင်းအများစုက အမျိုးသမီးတွေဆီကပါ။ အမျိုးသမီးကြီးငယ် ၃ပုံ ၁ပုံ ဟာ သူတို့ဘဝတလျှောက်မှာ ကိုယ်ထိလက်ရောက် ဒါမှမဟုတ် လိင်စော်ကားခံရမှုတွေနဲ့ ကြုံခဲ့ရတယ်လို့ ကုလသမဂ္ဂ သတင်းအချက်အလက်တွေက ဆိုပါတယ်။

ဒါပေမဲ့ မိသားစုထဲက ယောက်ျားလေးတွေနဲ့ လက်တွဲဖော် အမျိုးသားတွေ အနိုင်ကျင့် စော်ကားခံရတဲ့ သတင်းတွေကိုတော့ ဖော်ပြဝေဖန်ကြတာ သိပ်ကိုနည်းပါတယ်။

လူတစ်ယောက်ချောင်ပိတ်မိနေပုံ သရုပ်ဖော်ပုံ
Getty Images
လူတစ်ယောက်ချောင်ပိတ်မိနေပုံ သရုပ်ဖော်ပုံ

အမျိုးသားတွေ အိမ်တွင်း အကြမ်းဖက်ခံရတဲ့ကိစ္စကို လူမှုအသိုင်းအဝိုင်း အတော်များများမှာ ထုတ်ပြောလေ့ မရှိကြပါဘူး။ ခံရတဲ့သူ ကိုယ်တိုင်ကလည်း တစ်ယောက်တည်း ကြိတ်ခံလေ့ ရှိပါတယ်။

ယူကရိန်းက လူငယ်တစ်ယောက်ကတော့ သူ့အတွေ့အကြုံကို ဘီဘီစီကို မျှဝေခဲ့ပါတယ်။ အမည်တော့ မဖော်ပြပါရစေနဲ့လို့ ဆိုပါတယ်။ သူပြောပြခဲ့တာတွေနဲ့အတူ အိမ်တွင်းအကြမ်းဖက်မှု လက္ခဏာတွေကဘာတွေလဲ၊ ဒါကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတဲ့ ပညာရှင်တချို့ရဲ့ အကြံပေးချက်တွေကို တင်ပြပေးမှာပါ။

ပထမဆုံး အတွေ့အကြုံ

စုံတွဲ တစ်တွဲ ခရီးထွက်နေစဥ် ဓာတ်ပုံရိုက်တာ သရုပ်ဖော်ပုံ
BBC

ကျွန်တော့်သူငယ်ချင်းတွေကတော့ ရိပ်မိခဲ့ကြသလား မသိဘူး။ အပြင်ပန်း ကြည့်လိုက်ရင် ပြုံးပျော်နေတဲ့မျက်နှာတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ ငွေတွေအများကြီး ရှိပြီး ယုံကြည်မှုအပြည့်နဲ့ အားလုံးအဆင်ပြေနေတဲ့ ပုံမျိုး ကျွန်တော်တို့ စုံတွဲကို တွေ့ရမှာပါ။ ကျွန်တော်တို့ နှစ်ယောက် ကမ္ဘာတဝက်လောက်ကို အတူတူ ခရီးထွက်ခဲ့ကြပါတယ်။

အဲဒီလို ခရီးထွက်နေတဲ့အချိန်မျိုးတွေမှာဆို ကျွန်တော် သူ့ကို ကြောက်စရာမလိုပါဘူး။ တခြားလူတွေရှေ့မှာ သူကျွန်တော့်ကို နာကျင်အောင် မလုပ်လို့ပါ။ အရေးကြီးဆုံးအချက်က သူနဲ့ နှစ်ယောက်တည်း ထိပ်တိုက်မတွေ့အောင် ရှောင်နိုင်ဖို့ လိုပါတယ်။

ဒါပေမယ့် တကယ်တမ်း သိပ်မကြာသေးခင်ကမှ သဘောပေါက်လိုက်တာက ကျွန်တော့်ဇနီးဟောင်းက ကျွန်တော့်ကို ၁ဝနှစ်လောက် မုဒိမ်းကျင့်ခဲ့တယ်ဆိုတာပါ။

အီရာက ကျွန်တော့်ရဲ့ အချစ်ဦးပါ။ အသက်၂၀ ဝန်းကျင်မှာ ကျွန်တော်တို့ စတွေ့ခဲ့ကြပါတယ်။ ကျွန်တော်တို့ တွဲကြဖို့လည်း သူကပဲ စခဲ့တာပါ။

ရည်းစားရပြီ ဆိုတာနဲ့ အိမ်ကနေ ဆင်းရမယ်လို့ ကျွန်တော့် မိဘတွေက ပြောထားပါတယ်။ မိသားစုနဲ့ လက်ရှိနေနေတဲ့အိမ်ကို စွန့်လွှတ်ပြီး ကိုယ့်တာဝန်ကိုယ်ယူတော့ ဆိုတဲ့သဘောပါ။

ဒါက ကြောက်စရာတော့ကောင်းပါတယ်။ ဒါကြောင့် ကိုယ့်ဘာသာခွဲနေဖို့ ပိုက်ဆံ လုံလုံလုံလောက် စုမိတဲ့ အချိန်ကျမှ ချစ်သူထားနိုင်ခဲ့တာပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နည်း

ကျွန်တော့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် အတော်လေး နည်းခဲ့တဲ့ထဲမှာ အဆိုးဆုံးက အမေ ကျွန်တော့်ကို စိတ်တိုင်းမကျတာနဲ့ ကျွန်တော် ရုပ်ဆိုးလို့ ဆိုပြီး အမေက အတော်လေး ရှက်ခဲ့တာလည်း ပါပါတယ်။

ကျွန်တော်ရဲ့ ပထမဆုံး လိင်အတွေ့အကြုံက အီရာနဲ့ပါ။ အဲဒီတုန်းကတော့ ကျွန်တော် ကိုယ်တိုင်လည်း စမ်းကြည့်ချင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒါက ပုံမှန်တော့ မဟုတ်ခဲ့ပါဘူး။ အရမ်းကြမ်းတမ်းပြီး အတော်လေး နာကျင်ခဲ့ရပါတယ်။ အချိန် ၅ နာရီလောက်ကုန်ခဲ့ပါတယ်။ ကျွန်တော်လည်း တစ်ကိုယ်လုံး နာပြီး ကျန်ခဲ့ပါတယ်။

အီရာက လိင်ခံစားမှုကို အရူးအမူး စွဲလမ်းနေတဲ့သူပါ။ ဒါ့ကြောင့် သူ့အလိုမကျမချင်း ဖြည့်ဆည်းပေးရပါတယ်။ သူ့ကို ပုံမှန် အချိန် တစ်နာရီ နှစ်နာရီလောက် ပေးရပါတယ်။

ဒါက ကျွန်တော့်အတွက်ကတော့ နှစ်လိုပျော်ရွှင်စရာ မဖြစ်ပါဘူး။ အတွေ့အကြုံလည်း မရှိခဲ့တဲ့သူ ဆိုတော့ ဒါက ဒီလိုပဲ နေမှာ ဆိုပြီး လက်ခံခဲ့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း သူ့ကို ငြင်းထုတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဘယ်လိုငြင်းငြင်း မရခဲ့ပါဘူး။ အဲဒီကစလို့ အတင်းအဓမ္မ မုဒိမ်းကျင့်ခံရတဲ့ အခြေအနေ ရောက်လာခဲ့ပါတယ်။

ပိတ်မိနေသူ သရုပ်ဖော်ပုံ
BBC

ချောင်ပိတ်မိသွား

အလုပ်နဲ့ပတ်သက်တဲ့ နိုင်ငံခြားခရီးရှည်ကြီးတစ်ခု ကျွန်တော် ထွက်ခဲ့ရပါတယ်။ အဲဒီမှာ အီရာ့ကို ဆုံးရှုံးရမှာကြောက်လို့ ကျွန်တော်နဲ့ လိုက်ခဲ့ဖို့ ခေါ်ခဲ့ပါတယ်။ လက်ထပ်ခွင့်တောင် အရင်တောင်းခဲ့ပါသေးတယ်။ မလိုက်နိုင်ဘူးလို့ သူက ငြင်းခဲ့ပေမဲ့ နောက်တော့ ကျွန်တော်နဲ့ အတူလိုက်ခဲ့ပါတယ်။ အဲဒီမှာ ပြဿနာ စခဲ့တာပါ။

ကျွန်တော်က အလုပ်တွေပိပြီး အနားယူချင်နေချိန်မှာ တောင်းဆိုတဲ့အခါ တစ်ခါ၊နှစ်ခါ လိုက်လျောနိုင်ပေမဲ့ နောက်ပိုင်း အရမ်းပင်ပန်းလို့ နားပါရစေလို့ ပြောရပါတယ်။

အဲဒီတော့ ကျွန်တော့်ကို သူရိုက်ပါတယ်။ ကျွန်တော် ဘာမှ ပြန်မလုပ်နိုင်ပါဘူး။ သွေးထွက်တဲ့အထိ ကျွန်တော့်ကို ကုတ်ဖဲ့ပါတယ်။ လက်သီးနဲ့ ထိုးတာလည်း ခံရပါတယ်။ ဒဏ်ရာမြင်ရမယ့် မျက်နှာပေါ်မှာတော့ ဘယ်တော့မှ မလုပ်ပါဘူး။ လူမမြင်နိုင်မယ့် ရင်ဘတ်၊ ကျောကုန်းနဲ့ လက်တွေကိုပဲ လုပ်တာပါ။

ဒါတွေကို ဘယ်လိုမှ မခံနိုင်ပေမဲ့ မိန်းကလေးကို ရိုက်တာ မှားယွင်းရက်စက်တာပဲလို့ ယူဆထားတဲ့အတွက် ကျွန်‌တော်သူ့ကို ဘာမှ ပြန်မလုပ်ခဲ့ပါဘူး။ ကျွန်တော့်မိဘတွေက ဒီလိုပဲ သင်ထားခဲ့တာလေ။

ဒါနဲ့ ကျွန်တော့်စိတ်ထဲမှာ သိမ်ငယ်လာပြီး ထွက်ပေါက်မရှိ ဖြစ်ခဲ့ပါတယ်။ သူကတော့ သူဖြစ်ချင်တာ ဖြစ်အောင် လုပ်ပြီး အမြဲ အပေါ်စီးကပဲ နေပါတယ်။

တစ်ခါမှာတော့ ဟိုတယ်မှာ အခန်းခွဲ ငှားနေဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ပြောတာကို ဘာသာစကား မတူတဲ့ ဟိုတယ် ဧည့်ကြိုတွေက နားမလည်ကြတော့ ချောင်ပိတ်မိတဲ့ အခြေအနေကိုပဲ ဆက်ကြုံခဲ့ရပါတယ်။

ဒီလိုနဲ့ပဲ အလုပ်ပြီးရင် ဟိုတယ်ကို ပြန်ရမှာ ကြောက်လာပါတယ်။ ဒါနဲ့ ကုန်တိုက်ကြီးတွေထဲမှာ ဆိုင်ပိတ်ချိန်အထိ လျှောက်ပတ်နေခဲ့ပါတယ်။ ကုန်တိုက်တွေ ပိတ်ရင် မြို့ထဲမှာ ပတ်နေခဲ့ပါတယ်။ အဲဒီအချိန်က ဆောင်းဦးပေါက်ရာသီ ဆိုတော့ အေးစက်စိုရွှဲနေပါတယ်။ အနွေးထည်လည်း ယူမသွားခဲ့မိပါဘူး။

နောက်ဆုံး ဆီးလမ်းကြောင်း ပိုးဝင်ပြီး ဆီးကျိတ်ရောင် အဖျားဝင်လာပါတယ်။ ဒီလို ဖြစ်နေတာတောင် သူလိုချင်တာ ရဖို့ အီရာက ကျွန်တော့်ကို အလျှော့မပေးခဲ့ပါဘူး။

သီတင်းပတ်ကုန်ရက်တွေက အဆိုးဆုံးပါပဲ။ ယူကရိန်းကို ပြန်ရမယ့်ရက်ကိုပဲ ကျွန်တော် တွက်နေမိပါတော့တယ်။ ယူကရိန်း ပြန်ရောက်ရင် ကျွန်တော်တို့နှစ်ယောက် အပြတ်ပဲလို့ ထင်ခဲ့မိပါတယ်။ ဒါပေမဲ့ ကျွန်တော် ထင်သလို ဖြစ်မလာခဲ့ပါဘူး။

လူတစ်ယောက်ကို ခေါင်းကို ကိုင်ထားပုံကို မှုန်ဝါးအောင် ပြင်ထားတဲ့ပုံ
Getty Images

"ဖြတ်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့"

ယူကရိန်း ပြန်ရောက်တော့ ကျွန်တော် မိဘတွေအိမ်မှာ ပြန်သွားနေခဲ့ပါတယ်။ အီရာနဲ့ အတူတူ နေဖို့ နေနေသာသာ အဆက်အသွယ်တောင် မလုပ်တော့ပဲ ထားလိုက်တော့ မလို့ပါ။ ဒါပေမဲ့ အဲဒီလို အဆက်ဖြတ်ဖို့ ကြိုးစားရင်းနဲ့ပဲ နှစ်တွေ ကြာသွားခဲ့ပါတယ်။

သူနဲ့ရန်ဖြစ်တဲ့အခါမျိုးမှာ ကျွန်တော် ဖုန်းကိုပိတ်၊ သူ့နဲ့ အဆက်အသွယ် အကုန်လုံး ဘလော့ခ် လုပ်ပြီး ရှောင်ပုန်းနေခဲ့ပါတယ်။ ဒါပေမယ့် သူက ကျွန်တော်ဆီ မရောက်ရောက်အောင်လာ၊ တံခါးအပြင်ဘက်ကနေ လာထိုင်စောင့်နေတတ်ပါတယ်။ နောက်ဆို ဒါမျိုးမဖြစ်စေရပါဘူးလို့လည်း ကတိတွေ ပေးတတ်ပါတယ်။

အဲ့လိုနဲ့ပဲ ကျွန်တော်လည်း သူနဲ့ ပြန်ပေါင်းထုပ်မိ သွားပြန်ပါတယ်။ တစ်ယာက်တည်း အထီးကျန်နေရမှာကို ကြောက်တာလည်း ပါပါတယ်။

အစပိုင်းမှာ သူနဲ့ လမ်းခွဲဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ကျွန်တော်လက်လျှော့ခဲ့ပါတယ်။ သူက လက်ထပ်ဖို့ အတင်းအကြပ် ပြောလို့ လက်ထပ်ခဲ့ကြပါတယ်။ ကျွန်တော့်ဘက်ကတော့ လက်ထပ်ချင်စိတ် မရှိတော့ပါဘူး။

အီရာက ကျွန်တော့်ကို လူတိုင်းနဲ့ သဝန်တိုပါတယ်။ ကျွန်တော့်သူငယ်ချင်း၊ ကျွန်တော့်မိသားစု ဘယ်သူနဲ့ မဆိုပါ။ ကျွန်တော် ဘယ်သွားသွား သူ့ဆီဖုန်းဆက်ရပါတယ်။ အဲဒီ့ အစည်းအဝေးတွေ ဘာကြောင့်တက်ရတာလဲ၊ သူငယ်ချင်းတွေနဲ့ ဘာ့ကြောင့် တွေ့ရတာလဲ ဆိုတာ သူ့ကို ပြောပြရပါတယ်။ ကျွန်တော့်ကို သူ့မျက်စိအောက်မှာပဲ နေစေချင်တာပါ။

သူလည်း ကျွန်တော် မပါဘဲနဲ့ ဘယ်မှ မသွားပါဘူး။ ကျွန်တော်က သူ့ရဲ့ အချိန်ပြည့် ပျော်တော်ဆက်သဘောမျိုး ဖြစ်နေတာပေါ့ဗျာ။

ပြီးတော့ အီရာက အလုပ် ထွက်မလုပ်ဘူး။ ကျွန်တော်ပဲ ပိုက်ဆံရှာ၊ ချက်ပြုတ်၊ အိမ်သန့်ရှင်းရေး လုပ်တယ်။ ရေချိုးခန်း ၂ ခုပါတဲ့ တိုက်ခန်းကျယ်ကြီးမှာ ကျွန်တော်တို့ ငှားနေကြတယ်။ ရေချိုးခန်းအကြီးကို ကျွန်တော် သုံးခွင့်မရှိပါဘူး။ ဧည့်သည်တွေ သုံးဖို့ ထားတဲ့ ရေချိုးခန်းအသေးကိုပဲ သုံးရပါ တယ်။ မနက်တိုင်း သူက ၉ နာရီ၊ ၁ဝ နာရီလောက်မှ အိပ်ရာထလေ့ ရှိတော့ သူ့ကို အနှောင့်အယှက် မဖြစ်အောင် သူနိုးတဲ့အထိ မထဘဲ စောင့်နေရပါတယ်။

နောက် အခန်းခွဲအိပ်ကြဖို့ သူကပဲ ဆုံးဖြတ်တယ်။ ကျွန်တော့်အခန်းတံခါးမှာ သော့မရှိတော့ တစ်ယောက်တည်း အေးအေးနေရတယ် ဆိုတာ မရှိခဲ့ပါဘူး။

ကျွန်တော် အမှားတစ်ခုခု လုပ်မိလိုက်ရင် အော်ဟစ်ဆဲဆိုပြီး ရိုက်ပါတယ်။ အဲ့လိုမျိုးက တစ်ရက်တစ်ခါ ဒါမှမဟုတ် နှစ်ရက်တစ်ခါလောက် ဖြစ်လေ့ရှိပါတယ်။

ဘာပြဿနာပဲ ဖြစ်ဖြစ် ကျွန်တော့်ကိုပဲ အပြစ်ပုံချတတ်ပါတယ်။ သူလိုချင်တာက ဘယ်လို ယောက်ျားမျိုး၊ အဲ့ဒီလူက ဘာတွေ ဘယ်လို လုပ်ပေးမှာ ဆိုတဲ့ စကားတွေလည်း အမြဲ ကြားရတတ်ပါတယ်။ ကျွန်တော့်မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး။ သူစိတ်ဆိုးရင် နောက်ဆက်တွဲ ပေါက်ကွဲမှုတွေ ဆက်ဖြစ်လာတတ်တာ ဆိုတော့ သူစိတ်မဆိုးအောင် သူတောင်းဆိုတာတွေကိုပဲ သူ့အကြိုက် လိုက်လုပ်ပေးခဲ့ရပါတယ်။

ကျွန်တော် မှတ်မိပါသေးတယ်။ အိမ်ပေါ်ကနေ အောက်ကိုဆင်းသွားပြီး ကားထဲမှာ သွားထိုင်ငိုခဲ့မိတာကိုပါ။ အဲ့ဒီအချိန်မှာ သူဖြတ်လျှောက်သွားပြီး ကျွန်တော့်ကို သတိထားမိသွားတယ်။ ကျွန်တော် အိမ်ထဲ ပြန်ဝင်လာတော့ ကျွန်တော့်ကို သနားတယ်လို့ ပြောခဲ့ပေမဲ့ သူလုပ်နေတာတွေကိုတော့ မရပ်ခဲ့ပါဘူး။

နောက်နေ့မှာ ဒုံရင်းအတိုင်း ပြန်ဖြစ်တာပါပဲ။ ကျွန်တော် ဘာလုပ်လုပ်၊ ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား ခံစားရပါစေ၊ အခြေအနေက ဘာမှ ပြောင်းမသွားခဲ့ပါဘူး။

ကျွန်တော်လည်း ခြောက်ပြစ်ကင်း သဲလဲစင် လူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒီအခြေအနေတွေအားလုံးကို ရှောင်လွှဲဖို့ စနေ၊ တနင်္ဂနွေနဲ့ အားလပ်ရက်တွေမှာ တစ်ရက်ကို ၁ဝ နာရီ၊ ၁၂ နာရီ၊ ၁၄ နာရီ ကျွန်တော် အလုပ်လုပ်ခဲ့ပါတယ်။ အားလပ်ချိန်မှာ တချို့က အရက်သောက်တယ်။ ကျွန်တော်ကတော့ အလုပ်လုပ်တာပေါ့။

အနိုင်ကျင့်သူတွေနဲ့ ဘာလို့ ဆက်နေတာလဲ

မှုန်ဝါးအောင် ပြင်ထားတဲ့ပုံ
Press Association

•အိမ်တွင်းအကြမ်းဖက်တဲ့ မိသားစုကနေ ကြီးပြင်းလာပြီး မိဘရဲ့ အကျင့်စရိုက်အတိုင်း ပြန်လုပ်တတ်သူတွေ

• အထီးကျန်မှုကို ကြောက်ရွံ့ခြင်းနဲ့ ပုံသေမှတ်ယူမှုများ : "အိမ်နီးချင်းတွေက ဘာပြောကြမလဲ" "ကလေးတိုင်း မိဘအစုံအလင်နဲ့ ကြီးပြင်းသင့်တယ်"

• ပထမအဆင့်က အနိုင်ကျင့်ခံနေရတာကို သိဖို့ ခက်ခဲတာ။ ဒါကြောင့် အနိုင်ကျင့်ခံရတာကို အသားကျလာပြီး အခြေအနေကို သုံးသပ်ဖို့နဲ့ ဖြေရှင်း လုပ်ဆောင်နိုင်စွမ်း ပျောက်ဆုံးလာတာ

• ကိုယ့်ကို အနိုင်ကျင့်စော်ကားတဲ့သူဆီက ငွေကြေးမှီခိုနေရလို့ ဒါမှမဟုတ် ဘာမှလုပ်နိုင်တဲ့ အနေအထားမရှိလို့ ( ဥပမာ ကိုယ်ဝန်ရှိနေတာ၊ ကလေးတွေက ငယ်နေသေးတာ) စတာတွေကြောင့် ဘယ်မှ သွားစရာမရှိ ဖြစ်နေရသူ

• အာဏာပိုင်တွေကို အကူအညီတောင်းတဲ့ အခါမျိုးမှာ "ဒါတွေဟာ မိသားစုပြဿနာတွေပါ" လို့ ပြန်ပြောတတ်ကြလို့ လက်လျှော့သွားကြလေ့ ရှိပါတယ်။

ဒီအချက်တွေနဲ့အတူ တခြားအကြောင်းရင်းတွေကို လာစတာဒါ ယူကရိန်း အမျိုးသား အရေးပေါ် ဖုန်းလိုင်းဌာနရဲ့ အကြီးအကဲ အာလီယိုနာ ကရိုင်ဗျုလစ်ခ်နဲ့ လိင်အကြမ်းဖက်မှု ကာကွယ်ရေးနဲ့ တိုက်ဖျက်ရေး ဆိုင်ရာ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ အကြံပေး အိုလီနာ ကိုချီမီရိုဗာစ်ကာ တို့က ကောက်နုတ် ပြောပြခဲ့ကြတာပါ။

ဖွင့်ပြောမိတဲ့နောက်

ဒီလိုအခြေအနေမျိုးထဲ ရောက်နေရင် ကိုယ် ဘာဖြစ်နေသလဲဆိုတာ သတိထားမိမှာ မဟုတ်ဘူး။ ထွက်ပေါက် ရှာမတွေ့သလို တခြားသူတွေဆီကလည်း ဘာမှ ကြားမှာ မဟုတ်ပါဘူး။ ရုန်းထွက်နိုင်မယ့် အခွင့်အရေး ရှိတယ်ဆိုတာကိုတောင် တွေးမိမှာ မဟုတ်ပါဘူး။ လုံးဝ မျှော်လင့်ချက်မဲ့သူတစ်ယောက်လို ဖြစ်လာတတ်ပါတယ်။

ကျင့်သားရလာတဲ့အတွက် မလုပ်ချင်တာတွေကိုလည်း လုပ်ဖြစ်လာခဲ့ပါတယ်။ လူတိုင်းကို တစ်ခုခု လုပ်ပေးဖို့ တာဝန်ရှိတယ်လို့ အမြဲတမ်း တွေးမိပြီး ကိုယ့်ကိုယ်ကိုယ်မပိုင်ဘူးလို့ ခံစားခဲ့ရပါတယ်။ ကိုယ့်ကို အဘွား၊ မိဘတွေက ပိုင်တယ်။ ကိုယ်နဲ့ ပတ်သက်နေသူတွေအတွက် အနစ်နာခံ ပေးဆပ်ရမယ်လို့ စိတ်ထဲမှာ မှတ်ယူထားခဲ့ပါတယ်။

ဒါ့ကြောင့် ကိုယ့်အတွက်ကိုယ် မတွေးဘဲ ပေးဆပ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဒါတွေက ပုံမှန်ပဲလို့ ထင်ခဲ့တာပါ။ ဆိုတော့ အခြေအနေက ပိုပို ဆိုးလာခဲ့တာပေါ့။

အစပိုင်းမှာဆိုရင် အဲဒါကို မနှစ်မြို့တာလောက်ပါပဲ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ အိမ်ထောင်သက် နောက်ဆုံး ၃ နှစ်၊ ၄ နှစ် လောက်မှာ လိင်ကိစ္စက ကြောက်ရွံ့ထိတ်လန့်စရာ ဖြစ်လာခဲ့တယ်။

အဲဒီလို ကြောက်ရွံ့ ထိတ်လန့်တဲ့အခါမျိုးမှာ အီရာကို တွန်းထုတ်ပြီး အိမ်နဲ့ဝေးရာ၊ အနည်းဆုံးတော့ အခန်းထဲကနေ ထွက်ပြေးတာတွေ လုပ်ခဲ့ပါတယ်။

ကျွန်တော်တို့ အဆင်မပြေတဲ့ လိင်ဆက်ဆံမှုဟာ ကျွန်တော့်ကြောင့်လို့ အီရာက ထင်ပါတယ်။ ဒီတော့ နှစ်တိုင်းနီးပါး လိင်မှုကိစ္စ ကျွမ်းကျင်သူတယောက်ဆီ ကျွန်တော့်ကို ခေါ်သွားပြပါတယ်။

လူတစ်ယောက် ရေထဲ ပိတ်မိနတဲ့ သရုပ်ဖော်ပုံ
BBC

အဲဒီ့အချိန်မှာ ကျွန်တော် တစ်ခုခု မကြိုက်တဲ့အကြောင်း ပြောမိတဲ့အခါတိုင်း၊ ကျွန်တော့်ဆန္ဒမပါဘူး ပြောတဲ့အခါတိုင်း ကျွန်တော်ကပဲ မှားနေတဲ့သူ အဖြစ် အပြောခံခဲ့ရပါတယ်။ ဒီတော့ ကျွန်တော် မုဒိမ်းကျင့်ခံနေရတာ၊ အနိုင်ကျင့် စော်ကားခံနေရတာတွေကို ဘာမှမပြောတော့ဘဲ ရေငုံနှုတ်ပိတ် နေခဲ့ပါတော့တယ်။

အဲဒီ့ဆရာတွေနဲ့ သွားပြခဲ့တာတွေက အီရာ့အတွက်ကတော့ အထောက်အထား ဖြစ်သွားခဲ့ပါတယ်။ အနိုင်ကျင့် စော်ကားခံရတဲ့အကြောင်းကို လင်မယား မကွာရှင်းခင်အချိန်လေးမှာ ကျွန်တော် ထုတ်ပြောခဲ့တာပါ။ အဲဒီ့လို ထုတ်ပြောပြီးနောက်ပိုင်းမှာတော့ မရပ်နိုင်တော့ပါဘူး။

ထွက်ပေါက် ဘယ်လိုရှာတွေ့ခဲ့လဲ

ဆောင်းဦးပေါက်မှာပေါ့။ ကျွန်တော် ချောင်းဆိုးရင်ကျပ်ဖြစ်ပြီး ကိုယ်အပူချိန် ၃၉ - ၄ဝ ဒီဂရီနဲ့ အဖျားတက် အိပ်ရာထဲ လဲနေတာ နှစ်ပတ်လောက်တောင် ကြာပါတယ်။ အဲဒီလို ဖြစ်နေတဲ့အချိန်တလျှောက်လုံး ကျွန်တော့်ကို ဘယ်သူမှ လာမကြည့်ကြပါဘူး။ အဲဒီမှာ ကျွန်တော့်ကိုယ် ကျွန်တော် သဘောပေါက်လိုက်တာက ငါ့ဘဝက ဘာမှ တန်ဖိုးမရှိဘူး။ အခုချိန် ငါသေသွားရင်တောင် ဘယ်သူမှ သိကြမှာ မဟုတ်ဘူး ဆိုတာပါ။

အဲဒီအချိန်ဟာ ကြောက်တာရော၊ ရွံရှာတာရော၊ ကိုယ့်ကိုကိုယ် အရမ်းသနားမိတာရော ရောထွေး ခံစားမိတဲ့အချိန်ပေါ့။ တစ်ယောက်ယောက်ကို ပြောပြချင်ပေမယ့် ဘယ်သူ့ကို ဘယ်လို ပြောပြရမှန်း မသိခဲ့ပါဘူး။

တစ်ခါမှာတော့ တစ်ယောက်တည်း နေချင်လို့ ကျွန်တော့်မိဘတွေအိမ်ကို သူတို့မရှိတဲ့အချိန် ရွေးပြီး သွားခဲ့ပါတယ်။

အဲဒီမှာ အင်တာနက် ကြည့်နေတုန်း ကြော်ငြာဆိုက်ကနေ ပေါ်လာတဲ့ ချက်တင် တချို့ထဲ ဝင်မိပါတယ်။ အဲဒီမှာ ချက်တင် ပြောတဲ့အခါ ဘယ်သူဘယ်ဝါဆိုတာ နာမည်ထုတ်ပြောစရာ မလိုလို့ ကိုယ့်ကိုလည်း ဘယ်သူမှ မသိနိုင်ပါဘူး။

ကျွန်တော့်မှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ အကြောင်းကို အဲဒီမှာပထမဆုံး ဖွင့်ပြောဖြစ်ခဲ့တာပါ။ ကျွန်တော် အနိုင်ကျင့် စော်ကားခံနေရတယ်လို့ အရင်က သဘောမပေါက်ခဲ့ဘူး။ ဒါပေမဲ့ အဲဒီ့အချိန်ကစပြီးနောက်ပိုင်း "No" ဆိုတဲ့ ငြင်းပယ်တဲ့ စကားလုံးကို ပိုပို သုံးဖြစ်လာခဲ့ပါတယ်။

ပထမတော့ အသေးအဖွဲကိစ္စလေးတွေမှာပါ။ ငြိမ်ခံနေတာထက် "No" လို့ပြောပြီး ငြင်းပယ်လိုက်ဖို့က ကျွန်တော့်အတွက် အရေးကြီးပါတယ်။ ဒီလိုပြောဖို့ ခွန်အားတွေ လိုအပ်လာရင် ကျွန်တော် ဖျားခဲ့တုန်းက အချိန်ကို ပြန်စဉ်းစားလိုက်ပါတယ်။

တဖြည်းဖြည်းနဲ့ မိသားစု စိတ်ကုထုံး ဆရာဝန် တယောက်ကို ရှာတွေ့ခဲ့ပြီး အဲဒီဆရာဝန်က ကျွန်တော့်ကို ကူညီခဲ့ပါတယ်။ ကုထုံး လုပ်နေတဲ့အချိန်မှာ အီရာရော ကျွန်တော်ပါ စကားပြော ဆွေးနွေးလို့ ရပေမဲ့ ကျွန်တော် အနိုင်ကျင့်စော်ကား ခံရတဲ့အကြောင်း ပြောပြနေတဲ့ အချိန်မှာတော့ သူ့ကို ကြားဖြတ် ဝင်ပြောခွင့်မပြုခဲ့ပါဘူး။

အီရာ အကြီးအကျယ် ဒေါသထွက်ပြီး ကျွန်တော့်ကို အော်ဟစ် ကြိမ်းမောင်းပါတော့တယ်။ ကျွန်တော်ပြောနေတာတွေ တစ်ခုမှ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီနောက် သိပ်မကြာခင်မှာပဲ ကွာရှင်းကြဖို့ သူ့ဘက်က စပြောလာပါတယ်။ သူတကယ် ကွာချင်တာလို့တော့ ကျွန်တော် မထင်ပါဘူး။ကျွန်တော့်ကို နှုတ်ပိတ်ဖို့ ကြိုးစားတာလို့ပဲ မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုအခွင့်အရေးမျိုး နောက်မရနိုင်ဘူးဆိုတာ သိနေတော့ ကွာရှင်းဖို့ ကျွန်တော် သဘောတူလိုက်ပါတယ်။

ကွာရှင်းဖို့ ရုံးကို သွားတော့ လူတွေ တန်းစီနေလို့ နောက်ရုံးတစ်ခုကို ထပ်သွားရပါတယ်။ အဲဒီ့အချိန်မှာ ကိုယ့်ဘာသာတွေးပြီး ပြောနေမိတာက ဒီအခွင့်အရေးကို ရတုန်း ယူရမယ်ဆိုတာပါပဲ။ အဲဒီနောက် ကျွန်တော်တို့ ကွာရှင်းဖြစ်ခဲ့ပါတယ်။

တံတားပေါ်လူတစ်ယောက် လျှောက်လာပုံ သရုပ်ဖော်ပုံ
BBC

တစ်လအကြာမှာတော့ ကွာရှင်းစာချုပ်တွေ သွားယူခဲ့ပါတယ်။ အဲဒီနေ့ဟာ ကျွန်တော့်ဘဝရဲ့ အပျော်ဆုံးနေ့ ဖြစ်ခဲ့ပါတယ်။ ကွာရှင်းပြီး နောက်တစ်နေ့မှာ "နင်ငါ့ကို မုဒိမ်းကျင့်နေခဲ့တာ" လို့ သူ့ကို အော်ပြောပစ်လိုက်တယ်။

သူက "ဘာ၊ ငါနင့်ကို မုဒိမ်းကျင့်ခဲ့တာ၊ ဟုတ်လား" ၊ "အဲ့ဒါ ဘာဖြစ်လဲ" လို့ ပြန်ပြောပါတယ်။ ကျွန်တော် ဘာပြန်ပြောရမှန်း မသိခဲ့သလို အခုထိလည်း မသိသေးပါဘူး။ တနည်းအားဖြင့် သူလုပ်ခဲ့တာကို ဝန်ခံခဲ့တာပါပဲ။ ဒါပေမဲ့ သူက ဟာသလုပ်ပြီး ပြောသွားခဲ့တာပါ။

ကျွန်တော် မိဘအိမ်မှာ ပြန်နေပြီး အလုပ်လည်း ထွက်လိုက်ပါတယ်။ သီတင်းပတ် အတော်ကြာ အိမ်တွင်းအောင်းနေခဲ့ပါတယ်။ သူတစ်နေရာရာကနေ ကျွန်တော့်ကို စောင့်ကြည့်နေမှာကို ကြောက်နေမိလို့ပါ။

တစ်နေ့တော့ အိမ်ကို သူရောက်လာပြီး တံခါးခေါက်၊ ကန်ကျောက်ပြီး အော်ဟစ်ပါတယ်။ ဒါကိုတွေ့တော့ အမေက အရမ်းကြောက်တယ်လို့ ပြောပါတယ်။ ကျွန်တော်က အမေ ဒါမျိုး ထင်မထားဘူး မဟုတ်လား လို့ ပြောပြီး ကိုယ့်ဘာသာ ပြုံးနေမိတယ်။

ဇာတ်သိမ်းသွားမှာကို သိဖို့လို

ကိုယ်ကြုံခဲ့ရတာတွေကို အထောက်အထားတွေ သိမ်းမထားခဲ့သလို ဘယ်သူ့ကိုမှလည်း ထုတ်မပြောခဲ့ပါဘူး။ ကျွန်တော့် မိဘတွေကို ရင်ဖွင့်နိုင်ပေမဲ့ သူတို့ နှုတ်မလုံဘူး ဆိုတာကို ကျွန်တော် ကလေးကတည်းက သိထားခဲ့တာပါ။ ကျွန်တော့်အကြောင်းတွေကို သူငယ်ချင်းတွေကို ဘယ်လို ပြောပြရမလဲဆိုတာလည်း မသိခဲ့ပါဘူး။

အကူအညီပေးနိုင်မယ့် အဖွဲ့တွေကို လိုက်ရှာခဲ့ပေမဲ့ ယူကရိန်းမှာက အမျိုးသမီးတွေကို အကူအညီပေးတဲ့ အဖွဲ့တွေပဲ ရှိပါတယ်။ အဆုံးမတော့ အမျိုးသားတွေအတွက် အွန်လိုင်းပေါ်ကနေ အကူအညီပေးနေတဲ့ ဆန်ဖရန်စ္စကိုက အုပ်စုတစုကို တွေ့မိလိုက်ပါတယ်။

ယူကရိန်းက စိတ်ကုထုံး ဆရာဝန်တစ်ယောက်ကို ပထမဆုံး သွားတွေ့ခဲ့တုန်းက အဲဒီဆရာဝန်က "ဒီလို ဘယ်ဖြစ်နိုင်မလဲ။ သူက မိန်းကလေး၊ ခင်ဗျားက ယောက်ျားလေးလေ" ဆိုပြီး ကျွန်တော့်ကို လှောင်ပြောင်ခဲ့ပါတယ်။

ဒီတော့ ဆရာဝန် ၆ ယောက်လောက် ပြောင်းခဲ့ရပါတယ်။ ကိုယ့်ကို ကူညီပေးမယ့်သူ တွေ့ရဖို့ ၈ လလောက် အချိန်ယူခဲ့ရပါတယ်။

အမျိုးသားတွေ အကူအညီ ဘယ်လိုရနိုင်မလဲ

အမျိုးသားတွေအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးတဲ့ အဖွဲ့တွေကို ယူကရိန်းက ဖခင်များကလပ်မှာ ဖွဲ့ခဲ့ပေမဲ့ တာရှည်မခံဘဲ ပျက်သွားခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူ မက်စ်လီဗင်က ပြောပြပါတယ်။ သူ့အပြောအရ အမျိုးသားတွေက စိတ်ပညာရှင်နဲ့ သွားတွေ့ဖို့ သိပ်စိတ်မပါကြသေးဘူးလို့ သိရပါတယ်။

အရေးပေါ် ဖုန်းဆက် အကူအညီ တောင်းနိုင်တဲ့ လာစတာဒါ အရေးပေါ်ဖုန်းလိုင်း ၂၄ နာရီ စဖွင့်တဲ့ အချိန်မှာ အမျိုးသားတွေ အကူအညီတောင်းဖို့ စ ဖုန်းဆက်ခေါ်လာကြတယ်လို့ လာစတာဒါ ယူကရိန်းအဖွဲ့က အာလီယိုနာ ကရိုင်ဗျုလစ်ခ် က ပြောပြပါတယ်။ ပုံမှန် အလုပ်ချိန်မျိုးမှာ အမျိုးသားတွေက ဖုန်းမခေါ်နိုင်ကြပါဘူး။

ဒါပေမယ့် အခုချိန်တောင်မှ အမျိုးသားတွေက အစပိုင်းမှာ သူတို့နာမည်ကို သိသွားမှာ စိုးရိမ်နေကြပါတယ်။ သူတို့ရပိုင်ခွင့်တွေကို တရားရုံး ဒါမှမဟုတ် ဥပဒေ အဖွဲ့တွေလို လူထုအခြေပြု အဖွဲ့အစည်းတွေမှာ တင်ပြတောင်းဆိုဖို့ အဆင်သင့် မဖြစ်ကြသေးပါဘူး။

အနိုင်ကျင့်စော်ကားခံရတဲ့ အမျိုးသားတွေ စိတ်ဒဏ်ရာကနေ ပြန်သက်သာဖို့က အချိန်အတော်ယူနိုင်တယ်လို့ စိတ်ကုထုံးပညာရှင်လည်းဖြစ် လိင်မှုဗေဒပညာရှင်လည်းဖြစ်တဲ့ ယူလီယာ ကလီမန်ကို က ရှင်းပြပါတယ်။

ဒါ့ထက်ဆိုးတာက လူ့အသိုင်းအဝိုင်းမှာ ပြောလေ့ရှိတဲ့ "ယောက်ျားလေးဆိုတာ မငိုရဘူး" တို့ "ယောက်ျားတွေက ခန္ဓာကိုယ် ပိုကြံ့ခိုင်ကြတယ်" ဆိုတဲ့စကားတွေက အသုံးမဝင်ပါဘူး။

လိင်ပိုင်း၊ စိတ်ပိုင်း ဒါမှမဟုတ် ကိုယ်ထိလက်ရောက် အနိုင်ကျင့် စော်ကားခံခဲ့ရသူကို လူ့အသိုင်းအဝိုင်းက ပုံမှန်လူတစ်ယောက်လို့ မြင်ချင်မှ မြင်မှာပါ။ ပုံစံမျိုးစုံနဲ့ အနိုင်ကျင့် စော်ကားခံခဲ့ရပြီး အကြီးအကျယ် စိတ်ဒဏ်ရာရနေသူတွေဟာ ယောက်ျား၊ မိန်းမ၊ အသက်အရွယ် ကြီးတာ ငယ်တာနဲ့မဆိုင်ဘဲ ပုံမှန်အခြေအနေ ပြန်ဖြစ်လာဖို့ အချိန်အများကြီး လိုတယ်လို့ မစ်စ် ကလီမန်ကိုက ပြောပါတယ်။

သူ့ကို တရားစွဲဖို့ ကျွန်တော် စဉ်းစားခဲ့ဖူးပါတယ်။ တရားရုံးက တစ်ခုခုတော့ ဆုံးဖြတ်ပေးမှာပေါ့လို့ ရှေ့နေတွေကလည်း ပြောပါတယ်။ ဒါပေမယ့် ဒီလို လုပ်ဖို့ အခု မလိုတော့ပါဘူး။ ဟိုးကတည်းက ကျွန်တော်လိုချင်တာက သူလုပ်ခဲ့တာကို သူဝန်ခံပြီး တောင်းပန်ဖို့ပါ။

အခုထိ ကျွန်တော် အလုပ်ပြန်မလုပ်သေးပါဘူး။ မနက်တိုင်း အိပ်ရာက ထဖို့ ကျွန်တော့်အတွက် အရမ်းပင်ပန်းပါတယ်။ ကျွန်တော် ဘာအတွက် အသက်ရှင်နေရတာလဲ။ တစ်နှစ်လုံး ဘာတွေလုပ်နေလဲဆိုတာတောင် မသိတော့ပါဘူး။

ကျွန်တော်သိတာက ကျွန်တော် နောက်ထပ် ဘယ်တော့မှ ကြင်ယာ ရှာတော့မှာ မဟုတ်သလို သားသမီးတွေလည်း ရတော့မှာ မဟုတ်ဘူး ဆိုတာပါ။ ကျွန်တော့်ကိုယ်ကျွန်တော် လက်လျှော့ထားလိုက်ပါပြီ။

ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ဆဲချင်ပါတယ်။ ကျွန်တော် အကြာကြီး ရေငုံနှုတ်ပိတ် နေခဲ့မိတဲ့အတွက် အခုလောက်ထိ ဖြစ်လာခဲ့ရတာပါ။ အခုချိန်မှာ ကျွန်တော့်လို အလားတူ အခြေအနေမျိုး ကြုံနေရတဲ့ အမျိုးသားတစ်ယောက် ရှိကောင်း ရှိမှာဖြစ်ပြီး ကျွန်တော့်ရဲ့ဇာတ်လမ်းကို ဖတ်မိပါလိမ့်မယ်။

အဲဒီလူ နားလည်ဖို့ အရေးကြီးပါတယ်။ ဒီဇာတ်လမ်းမျိုးက ပြီးသွားမှာ မဟုတ်သလို ဘာမှပြန်ပြင်လို့လည်း ရမှာ မဟုတ်ပါဘူး။ ဘယ်တော့မှ ပျောက်ကွယ်မသွားမယ့် ဇာတ်ရှုပ်ကြီးဖြစ်ပြီး ဘဝသေသွားနိုင်ပါတယ်။ ဒါကို နားလည်မယ်ဆိုရင် အနည်းဆုံး အခွင့်အလမ်း တစ်ခုတော့ ရှိပါလိမ့်မယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ "မိန်းမက ကျွန်တော့်ကို ၁၀ နှစ် မုဒိမ်းကျင့်ခဲ့တယ်"
ข่าวที่เกี่ยวข้อง