Khaosod
Online

วันอาทิตย์ ที่ 29 พ.ย. 2563

"ကျွန်တော်မြင်သမျှ မီးတောက်တွေချည်းပဲ" ပါကစ္စတန်လေယာဉ်က အသင်ရှင်လွတ်မြောက်သူ

23 พ.ค. 2563 - 20:00 น.
လူနေထူထပ်တဲ့ ရပ်ကွက်ထဲ လေယာဥ်ပျက်ကျခဲ့
AFP
လူနေထူထပ်တဲ့ ရပ်ကွက်ထဲ လေယာဥ်ပျက်ကျခဲ့

ပါကစ္စတန်နိုင်ငံ ကရာချိမြို့က သောကြာနေ့ လေယာဥ်ပျက်ကျမှုမှာ ၉၇ ဦးသေဆုံးပြီး လူနှစ်ဦး အသက်ရှင်လွတ်မြောက်လာပါတယ်။

အရေအတွက် ဘယ်လောက်က လေယာဥ်ပေါ်ကနဲ့ ဘယ်လောက်က ပျက်ကျခဲ့တဲ့ အိမ်တွေက ဆိုတာကို ခွဲခြား မသိရသေးပါဘူး။ သေဆုံးသူ ၁၉ ယောက်ကတော့ ဘယ်သူဘယ်ဝါဆိုတာ သိရပါပြီ။

လေယာဥ်ပျက်ကျမှုကနေ အသက်ရှင် လွတ်မြောက်လာသူ တစ်ယောက်က ပျက်ကျအပြီး သူမြင်ရလိုက်သမျှက မီးတောက်တွေ ချည်းပဲလို့ ပြန်ပြောပြခဲ့ပါတယ်။

မိုဟာမက် ဇူဘီယာက ပါကစ္စတန် နိုင်ငံတကာ လေကြောင်း PIA ရဲ့ Airbus A320 လေယာဥ် လူနေရပ်ကွက်ထဲ ပျက်ကျရာက လွတ်မြောက်လာခဲ့သူပါ။

လေယာဥ်ပျက်ကျရတဲ့ အကြောင်းကိုတော့ မသိရသေးပါဘူး။

လေယာဥ်မပျက်ကျခင်မှာ လေယာဥ်မှူးက စက်ပိုင်းချို့ယွင်းမှု ရှိတယ်လို့ လေကြောင်း ထိန်းသိမ်းရေးကို လှမ်းသတင်းပို့ခဲ့ပါတယ်။

အခုလေယာဥ်ပျက်ကျမှုဟာ ပါကစ္စတန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့မှုတွေလုပ်ထားတာကို ပြန်ဖွင့်လိုက်အပြီး ရက်ပိုင်းအကြာမှာ ဖြစ်ခဲ့တာပါ။

သူဘယ်လို လွတ်မြောက်လာလဲ

သူ စီးလာတဲ့ လေယာဥ်ခရီးစဥ် PK8303 မှာ ခရီးသည် ၉၁ ယောက်နဲ့ လေယာဥ်ဝန်ထမ်း ၈ ယောက် ပါပါတယ်။

ခရီးသည်တွေထဲမှာ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် အိဒ် ပွဲတော်အတွက် လာဟိုးမြို့ကနေ လိုက်လာကြတဲ့ မိသားစုတွေ အများကြီး ပါပါတယ်။

သူ့လေယာဥ်က ကရာချိမှာ လေယာဥ်တွေ အတက်အဆင်းများတဲ့ ဂျင်းနားလေဆိပ်ကို ဒေသအချိန် နေ့လယ် ၂ နာရီ ခွဲလောက်မှာ ဆင်းဖို့လုပ်ခဲ့ပါတယ်။

လေယာဥ်က ကွင်းကို ဆင်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပြီး အဲဒီနောက် ၁၀-၁၅ မိနစ် လောက် အကြာမှာ ပျက်ကျခဲ့ပါတယ်။

သူကတော့ ဒဏ်ာရာ နည်းနည်းပါးပါးပဲ ရခဲ့ပါတယ်။

"လေယာဥ်ဒီလို ပျက်ကျမယ်လို့ ဘယ်သူမှ မထင်ဘူး။ လေယာဥ်က ချောချောမောမောပဲ မောင်းလာခဲ့တာ" လို့ သူက ပြောပါတယ်

လေယာဥ်ပျက်ကျပြီးတော့ သူ သတိမေ့သွားပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးနဲ့ စစ်တပ် ကယ်ဆယ်ရေးလုပ်
Reuters
အရေးပေါ်ကယ်ဆယ်ရေးနဲ့ စစ်တပ် ကယ်ဆယ်ရေးလုပ်

သူပြန်သတိရတော့ "ကျွန်တော့် ဘေးမှာ အော်သံတွေ ဝိုင်းနေတာ ကြားတယ်။ ကလေးသံတွေ၊ လူကြီးသံတွေ။ ကျွန်တော် မြင်သမျှကတော့ မီးတွေချည်းပဲ။ လူတွေတော့ တစ်ယောက်မှ မမြင်ရဘူး။ သူတို့ အော်သံတွေကိုပဲ ကြားရတာ" လို့ သူက ပြောပါတယ်။

"ကျွန်တော့် ခါးပတ်ကို ဖြုတ်လိုက်တယ်။ ပြီးတော့ အလင်းရောင်လေး နည်းနည်း မြင်ရလာတယ်။ အဲဒီနေရာကို ထွက်လာလိုက်တယ်။ ပြီးတော့ အဲဒီကနေ ကျွန်တော် ၁၀ ပေ လောက် ခုန်ချလိုက်ပြီး လွတ်လာတာ" လို့ သူက ဆက်ပြောပါတယ်။

လေယာဥ်ဘယ်လို ပျက်ကျခဲ့လဲ

ဆင်းခါနီး လေယာဥ်က Model Colony လူနေ ရပ်ကွက်ထဲ ပျက်ကျခဲ့တာပါ။ တီဗီမြင်ကွင်းတွေထဲမှာတော့ လူနေထူထပ်တဲ့ ရပ်ကွက်ထဲ ပျက်ကျခဲ့တဲ့ လေယာဥ်အပိုင်းအစတွေကြားထဲ ကယ်ဆယ်ရေးတွေ လုပ်နေတာ တွေ့ရပါတယ်။ ကားတွေလည်း မီးလောင်နေတာ တွေ့ရပါတယ်။

မျက်မြင်တစ်ဦးဖြစ်တဲ့ မိုဟာမက် ဦဇီယာကတော့ ဧရာမ အသံကျယ်ကြီးကို သူကြားလိုက်ရလို့ အိမ်အပြင်ကို ထွက်ကြည့်ခဲ့တယ်လို့ ပြောပါတယ်။

"အိမ်လေးလုံးလောက် လုံးဝ ပြိုကျသွားတာတွေ့တယ်။ အဲဒီမှာ မီးတောက်ကြီးတွေနဲ့ မီးခိုးလုံးကြီးတွေ ဖြစ်ကုန်ပြီ " လို့ သူက ပြောပါတယ်။

"သူတို့တွေကို သိပါတယ်။ ဘယ်လောက်တောင် ချောက်ချားသွားတယ်ဆိုတာ ပြောမပြတတ်အောင်ပဲ"လို့ သူက ပြောပါတယ်။

လေယာဥ်အပျက်အစီးတွေ
EPA

ပါကစ္စတန် ဝန်ကြီးချုပ်က ဒီလေယာဥ်ပျက်ကျမှုအတွက် အင်မတန် စိတ်မကောင်း ဖြစ်မိကြောင်းနဲ့ ပျက်ကျရတဲ့ အကြောင်း စုံစမ်းရေး ချက်ချင်းလုပ်ဖို့ ပြောထားပါတယ်။

ဒီလေယာဥ်က PIA လေကြောင်းကို ၂၀၀၄ ခုနှစ်မှာ ရောက်လာပြီး ပျံသန်းရေး ကြံ့ခိုင်မှု နှစ်စဥ်အစစ်ဆေးခံယူမှုကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ အောင်မြင်ထားပါတယ်။

ပါကစ္စတန် လေယာဥ်မှူးများ အသင်း Palpa ကတော့ အစိုးရ စုံစမ်းစစ်ဆေးရေးကို အယုံအကြည်မရှိဘဲ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးတွေ စုံစမ်းရေးလုပ်ငန်းစဥ်မှာ ပါဝင်ဖို့ တောင်းဆိုထားပါတယ်။

ပါကစ္စတန် လေကြောင်းမတော်တဆမှု မှတ်တမ်း

ပါကစ္စတန် လေကြောင်းသမိုင်းမှာ လူအများဆုံးသေဆုံးခဲ့တဲ့ လေယာဥ်မတော်တဆမှုက ၂၀၁၀ တုန်းက ဖြစ်ခဲ့တာပါ။ ပုဂ္ဂလိက လေကြောင်းလိုင်း Airblue က လေယာဥ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဥ်ပေါ်ပါ လူ ၁၅၂ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၂ မှာတော့ ဘိုဂျာလေကြောင်းက ဘိုးအင်း 737-200 လေယာဥ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဥ်ဝန်ထမ်း ခြောက်ဦးနဲ့ ခရီးသည် ၁၂၁ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၆ မှာ အခုပျက်ကျတဲ့ PAI လေကြောင်းက လေယာဥ်တစ်စင်း ပျံသန်းနေစဥ် မီးလောင်ပြီး လူ ၄၇ ဦး သေဆုံးခဲ့ပါတယ်။

မြေပုံ
BBC
line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ "ကျွန်တော်မြင်သမျှ မီးတောက်တွေချည်းပဲ" ပါကစ္စတန်လေယာဉ်က အသင်ရှင်လွတ်မြောက်သူ
ข่าวที่เกี่ยวข้อง