Khaosod
Online

วันพฤหัสบดี ที่ 2 ก.ค. 2563

ကိုရိုနာ ကြားက ဟောင်ကောင်ဆန္ဒပြပွဲ

24 พ.ค. 2563 - 19:12 น.
ရဲတွေက မျက်ရည်ယိုဗုံးနဲ့ တားဆီးတာကို ဆန္ဒပြသူတွေက ရှောင်ပြေး
Reuters
ရဲတွေက မျက်ရည်ယိုဗုံးနဲ့ ပစ်လို့ ဆန္ဒပြသူတွေက ထွက်ပြေး

ဟောင်ကောင်မှာ တရုတ်ရဲ့ လုံခြုံရေး ဥပဒေ ပြဋ္ဌာန်းဖို့ စီစဉ် တာကို ကန့်ကွက်မှုတွေ ပေါ်ပေါက်နေပြီး၊ ဆန္ဒပြသူတွေနဲ့ ရဲတွေကြားမှာ အဓိကရုဏ်းတွေ ဖြစ်ပေါ်နေပါတယ်။

သောင်းနဲ့ချီတဲ့ လူတွေဟာ စီတန်းပြီး မြို့လယ်မှာရှိတဲ့ အုပ်ချုပ်ရေးမှူး ရုံးခန်းကို သွားရောက်နေကြပြီး၊ ဆန္ဒပြပွဲကို ရဲတွေက တားဆီးဖို့ ကြိုးစားရာမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

အစောပိုင်းတုန်းက တရုတ်ရဲ့ လုံခြုံရေး ဥပဒေ ပြဋ္ဌာန်းမယ့် အစီအစဉ် ကိုကမ္ဘာ တဝန်းမှာ ရှိတဲ့ ထိပ်တန်း နိုင်ငံရေးသမား ၂၀၀ လောက်က ပေါင်းစည်းပြီး ကန့်ကွက်ချက်ကို ထုတ်ပြန်ခဲ့ပါသေးတယ်။

အဲဒီ ထုတ်ပြန်ချက်ထဲမှာ တရုတ်ဟာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တရားဥပဒေ စိုးမိုးရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို အကြီးအကျယ် တိုက်ခိုက်လိုက်တာပဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တရုတ် အနေနဲ့ ဟောင်ကောင်မှာ လုံခြုံရေး ဥပဒေ ပြဋ္ဌာန်းပြီး တိုင်းပြည်ကို သစ္စာဖောက်မှုတွေ၊ ခွဲထွက်ရေး ကြိုးပမ်းမှုတွေ၊ အကြည်ညိုပျက်အောင် လုပ်ဆောင်မှုတွေ၊ အဖျက်အမှောက် လုပ်ရပ်တွေ ရှိလာရင် အရေးယူနိုင်ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

ဒီဥပဒေပြဋ္ဌာန်းလိုက်ရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ကို ထိခိုက်မယ်၊ ဟောင်ကောင်ရဲ့ အရေးကြီးတဲ့ ငွေကြေး လုပ်ငန်းတွေကို ထိခိုက်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကို တရုတ်ကတော့ ငြင်းပယ်ပါတယ်။ ဒါတွေက တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေး ကို နှောင့်ယှက်မှုတွေသာ ဖြစ်တယ်လို့ ပြန်လည် တုံ့ပြန်ပါတယ်။

တရုတ်လိုလားတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီ လမ်း ကလည်း လုံခြုံရေး ဥပဒေ ပြဋ္ဌာန်းမှု ကို အပြည့်အဝ ထောက်ခံထားပါတယ်။ ဟောင်ကောင် ရဲ့ လွတ်လပ်မှုတွေကတော့ အပြောင်းအလဲ ရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဆန္ဒပြသူတွေ ဟာ အစိုးရဆန့်ကျင်ရေး စာတန်းတွေ၊ ကြွေးကြော်သံတွေ နဲ့ ချီတက်ခဲ့
Reuters
ဆန္ဒပြသူတွေ ဟာ အစိုးရဆန့်ကျင်ရေး စာတန်းတွေ၊ ကြွေးကြော်သံတွေ နဲ့ ချီတက်ခဲ့

ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာမှု အခြေအနေ။

ဒီကနေ့ တနင်္ဂနွေနေ့မှာ ကော့စ်ဝေး ကမ်းခြေနဲ့ ဝမ်ချိုင်း ခရိုင်ကနေပြီး ဆန္ဒပြမှုတွေစတင်ခဲ့ပြီး၊ အစိုးရဆန့်ကျင်ရေး စာတန်းတွေ၊ ကြွေးကြော်သံတွေ နဲ့ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလုံခြုံရေး ဥပဒေကြမ်းကြောင့် အစိုးရကို ဆန့်ကျင်တဲ့ ပြောဆိုမှုတွေနဲ့ ပုံနှိပ်ဖော်ပြမှုတွေကြောင့် လူတွေဟာ ရာဇဝတ်သားတွေ ဖြစ်သွား နိုင်တယ်လို့ အသက် ၂၅ နှစ် အရွယ် ဗင်းဆင့်က AFP သတင်းဌာနကို ပြောဆို ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို စိုးရိမ်တဲ့ ဆန္ဒပြသူတွေဟာ နှာခေါင်းစည်းတွေ ဝတ်ဆင်ထားကြပြီး၊ ဒီလူအုပ်ထဲကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။

လူအချင်းချင်း ခပ်ခွာခွာ နေရမယ် ဆိုတဲ့ စည်းကမ်းတွေကို ထုတ်ပြန်ထားတဲ့ အချိန်မှာပဲ ဆန္ဒပြပွဲက ပေါ်ပေါက်လာတာပါ။

အခု ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲဟာ ပြီးခဲ့တဲ့ နှစ်က ဖြစ်ခဲ့တဲ့ ဒီမိုကရေစီ အရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲနဲ့ အလား သဏ္ဍန်တူပြီး၊ ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေလည်း ရှိပါတယ်။ ဆန္ဒပြသူတချို့က ရဲတွေထံကို အရာဝတ္ထုတွေနဲ့ ပစ်တာ၊ ထီးတွေနဲ့ ပစ်တာ တွေကိုလည်း လုပ်ကြပါတယ်။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ ကရေပိုက်နဲထိုးဖြိုခွင်း
EPA
ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ ကရေပိုက်နဲထိုးဖြိုခွင်း

တရုတ် ရဲ့ လုံခြုံရေး ဥပဒေကြမ်းထဲမှာ ပါဝင်တဲ့အချက်တွေ။

တရုတ် ကွန်မြူနစ်ပါတီက အတည်မပြုရသေးတဲ့ ဥပဒေကြမ်းထဲမှာ ဟောင်ကောင်ရဲ့ လုံခြုံရေး အခြေအနေ ကို တိုးမြှင့်ဖို့ဆိုတဲ့ အပိုဒ်ခွဲ တစ်ရပ်ပါဝင်ပါတယ်။

ဒီအထဲမှာ ဟောင်ကောင်မှာ လိုအပ်ရင်တရုတ်အစိုးရရဲ့ လုံခြုံရေး အဖွဲ့အစည်းတွေ ရုံးခန်းဖွင့်လှစ်ပြီး ဥပဒေအရ နိုင်ငံတော် လုံခြုံရေး တာဝန်ကို ထမ်းဆောင် နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ တရုတ်ရဲ့ လုံခြုံရေး အဖွဲ့အစည်းတွေ ဟောင်ကောင်မှာ အခြေစိုက်ခွင့်ရှိသွားမှာ ဖြစ်ပါတယ်။ ဟောင်ကောင်ရဲ့ နဂိုရှိပြီးသား ရဲတပ်ဖွဲ့အဖွဲ့အစည်းတွေနဲ့ တွဲဖက်နိုင်ခွင့်လည်း ရှိသွားပါပြီ။

ဒီတပတ် အစောပိုင်းတုန်းကတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက ဟောင်ကောင် လုံခြုံရေး ဥပဒေကြမ်းဟာ ကိုယ့်သေတွင်းကိုယ်တူး တာပဲလို့ ပြောဆိုခဲ့ဖူးပါတယ်။ ယူကေ၊ သြစတြေးလျ နဲ့ ကနေဒါ တို့ကလည်း ဒီအပေါ်မှာ စိုးရိမ်ကြောင်း အသီးသီး ပြောဆို ကြပါတယ်။

တရုတ်နဲ့ အမေရိကန်တို့ကြားမှာ ကိုရိုနာဗိုင်းရပ်စ် အရေး၊ ကုန်သွယ်ရေး အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အစွန်းအထင်းတွေက ရှိပြီးသားပါ။

ဟောင်ကောင်ကို ကုန်သွယ်ရေး နဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ အထူးအခွင့်အရေးတွေ ဆက်ပေးမလား ဆိုတာကိုလည်း အမေရိကန်တို့ဘက်က စဥ်းစားနေပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် ကလည်း ဒီဥပဒေကြမ်း ကို အတည်ပြုခဲ့မယ်ဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

ဒီကနေ့ တနင်္ဂနွေနေ့မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်လီ က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပြီး အမေရိကန် ရဲ့ နိုင်ငံရေး အဖွဲ့အစည်း တချို့ဟာ ၂ နိုင်ငံအကြားမှာ စစ်အေး တိုက်ပွဲ ဖြစ်ပွားအောင် တွန်းပို့နေတယ်လို့ ပြောဆိုပါတယ်။

ဒီလိုလုပ်ရပ်တွေဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ထိခိုက် နိုင်သလို၊ အမေရိကန်နဲ့ တရုတ် အကြား က ဆယ်စုနှစ်ကြာ ပူးပေါင်း လုပ်ဆောင်နေမှုတွေကို ထိခိုက်နိုင်တဲ့ အန္တရာယ် ရှိတဲ့ လုပ်ငန်းစဉ် တွေ ဖြစ်တယ်လို့လည်း သူက ပြောဆို ခဲ့ပါတယ်။

ကိုရိုနာ ကြားက ဟောင်ကောင်ဆန္ဒပြပွဲ
Getty Images
ကိုရိုနာ ကြားက ဟောင်ကောင်ဆန္ဒပြပွဲ

ကမ္ဘာ့ နိုင်ငံရေး သမားတွေရဲ့ ကြေငြာချက်ထဲမှာ ဘာတွ ပါဝင်သလဲ။

ဟောင်ကောင် အရေးနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေးမှူးဟောင်း ခရစ္စတိုဖာ ပတ်တန်၊ ယူကေ နိုင်ငံခြားရေး ဝန်ကြီးဟောင်း မဲလ်ကွန် ရစ်ဖ်ကင် တို့က ဦးဆောင်ပြီး နိုင်ငံပေါင်း ၂၃ နိုင်ငံက နိုင်ငံရေးသမား ၁၈၆ ယောက်က လက်မှတ်ရေးထိုးပြီး ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ရဲ့ လုပ်ရပ်ဟာ ၁၉၉၇ ခုနှစ်တုန်းက ဟောင်ကောင်ကို ပြန်လည် လွှဲပြောင်းခဲ့စဉ် တရုတ် နဲ့ ဗြိတိန် တို့ အကြားက ပူးတွဲကြေညာချက်ကို ချိုးဖောက်တာ ဖြစ်တယ်လို့ နိုင်ငံရေးသမားတွေက ပြောပါတယ်။

ဟောင်ကောင်အရေး နဲ့ ပတ်သက်လို့ တရုတ်အစိုးရ ကို မယုံကြည်ရဘူး ဆိုရင် တခြား အရေး ကိစ္စတွေမှာလည်း တရုတ်ရဲ့ စကားကို လက်ခံဖို့ ခဲယဉ်း လိမ့်မယ် ဆိုပြီးတော့ နိုင်ငံရေး သမားတွေနဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီကြေငြာချက်ကို ပါဝင် လက်မှတ် ရေးထိုးခဲ့သူတွေထဲမှာ အမေရိကန် အထက်လွှတ်တော် အမတ် ၁၇ ယောက်နဲ့ ယူကေ က လွှတ်တော် အမတ်၄၄ ယောက်တို့လည်း ပါဝင်ပါတယ်။

ဟောင်ကောင်မှာ လုံခြုံရေး ဥပဒေ ပြဋ္ဌာန်းလိုတဲ့ တရုတ်ရဲ့ ရည်ရွယ်ချက်

စီးပွားရေး အရ အရေးပါပြီး၊ တစိတ်တပိုင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဗြိတိသျှ တို့ဆီကနေ လွှဲပြောင်း ယူခဲ့ချိန်က စပြီး ဒီလို ဥပဒေမျိုး ပြဌာန်းဖို့ တရုတ်ဘက်က လိုလားခဲ့တာပါ။ ဒါပေမယ့် ဟောင်ကောင်လူထု အကြားမှာ ရေပန်းမစားလို့ တစ်ခါမှ အတည်ပြုနိုင်ခဲ့ခြင်း မရှိပါဘူး။

၂၀၀၃ ခုနှစ်တုန်း ကလည်း တရုတ် အစိုးရ က ကြိုးစား ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဟောင်ကောင်က လမ်းမ တွေပေါ်မှာ လူငါးသိန်းလောက်က ဆန့်ကျင် ကန့်ကွက်မှုတွေ လုပ်ခဲ့လို့ မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း တရုတ်ကို တရားခံလွှဲအပ်ရေး ဥပဒေ ပြဋ္ဌာန်းဖို့ ကြိုးစားတော့ ဟောင်ကောင်မှာ လနဲ့ချီတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

နောင်အခါမှာ ဒီလိုဆန္ဒပြပွဲတွေကို တားဆီးနိုင်အောင်၊ ရပ်တန့်နိုင်အောင်၊ အပြစ်ပေးနိုင်အောင် လုံခြုံရေး ဥပဒေ လိုအပ်တယ်လို့ တရုတ်အစိုးက ခုခံပြောဆိုထားပါသေးတယ်။

နောက်ပြီး အခု စက်တင်ဘာလမှာ ကျင်းပမယ့် ဟောင်ကောင် ဥပဒေပြု အမတ်ရွေးကောက်ပွဲမှာ အရင် နှစ်က အတိုင်း ဒီမိုကရေစီ လိုလားတဲ့ အမတ်အများစု အနိုင်ရခဲ့မယ်ဆိုရင် တရုတ်ရဲ့ ဥပဒေကြမ်းတွေကို ကန့်ကွက်မှု တွေ ပိုများလာမှာ ကို ဘေဂျင်း ဘက်က စိုးရိမ်နေတာပါ။

ဒီလုံခြုံရေး ဥပဒေကြမ်းကို ဟောင်ကောင်ရဲ့ အခြေခံဥပဒေထဲမှာ ထည့်သွင်းဖို့ တရုတ်က လွှတ်တော်ကနေ အတည်ပြုတဲ့နည်း ဒါမှမဟုတ် အမိန့်ဒီဂရီနဲ့ ကြိုးစားလာနိုင်ပါတယ်။

တရုတ်မှာ ကွန်မြူနစ် ပါတီ ညီလာခံ ကျင်းပနေပြီး လာမယ့်မေလ ၂၉ ရက်နေ့မှာ ဒီကိစ္စကို မဲပေးကြဖို့လည်း ရှိပါတယ်။ မဲပေးပြီးရင် ပါတီ ဗဟိုကော်မတီ က နောက်ဆုံး အတည်ပြု ဆုံးဖြတ်ပြီးရင်တော့ ဇွန်လ ကုန်ပိုင်းမှာ ဥပဒေ အဖြစ် ပြဋ္ဌာန်းသွားနိုင်မှာလည်း ဖြစ်ပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ကိုရိုနာ ကြားက ဟောင်ကောင်ဆန္ဒပြပွဲ
ข่าวที่เกี่ยวข้อง