Khaosod
Online

วันพฤหัสบดี ที่ 2 ก.ค. 2563

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျောင်းတွေကို ဇူလိုင် ၂၁ ရက်မှာ ပြန်ဖွင့်မယ်

26 พ.ค. 2563 - 15:02 น.

လာမယ့် ဇူလိုင် ၂၁ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျောင်းတွေကို အထက်တန်း (နဝမတန်း နဲ့ ဒဿမတန်း)ကစပြီးပြန်ဖွင့်သွားတော့မယ်လို့ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ဘီဘီစီကိုပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ပုံမှန်ကျောင်းဖွင့်ကာလဖြစ်တဲ့ ဇွန်လအတွင်းမှာ ကျောင်းတွေမဖွင့်နိုင်တော့ပါဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျောင်းတွေမှာကပ်ရောဂါကူးစက်မှုမဖြစ်စေဖို့ ကြိုတင်ကာကွယ်ရေးအစီအစဉ်တွေလုပ်ဆောင်ဖို့ အချိန်ယူပြီး ဇူလိုင် ၂၁ ရက်နေ့ကို ပြောင်းရွှေ့ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

' ' ကျောင်းတစ်ကျောင်းစီအလိုက် ဆိုရှယ်ဒစ်စတန်းဆင်းအရ ဘယ်လိုပုံစံမျိုးသွားမယ်ဆိုတာကို ကျောင်းအုပ်တွေက ပလန်ဆွဲနေကြပြီ။ ကျောင်းမှာလိုက်နာရမှာတွေရှိတယ်။ ကျောင်းစာသင်ခန်းတွေမှာပြင်ဆင်ရမယ့်ကိစ္စ။ ကလေးတွေမုန့်စားဆင်းရင် ဘာတွေလိုက်နာရမယ်။ စသဖြင့် လိုက်နာရမှာတွေ အားလုံးကို SOP တွေရေးဆွဲထားပြီးပြီ။မကြာခင်မှာ ပြည်သူကိုအသိပေးထုတ်ပြန်သွားဖို့ရှိပါတယ် '' လို့ ကျောင်းတွေပြန်ဖွင့်ဖို့ လတ်တလောပြင်ဆင်နေတဲ့ အခြေအနေကို ဦးကိုလေးဝင်းကရှင်းပြပါတယ်။

အလယ်တန်းနဲ့ မူလတန်းတွေကို ဇူလိုင်လနဲ့ သြဂုတ်လအတွင်းဖွင့်လှစ်သွားမှာဖြစ်
Getty Images
အလယ်တန်းနဲ့ မူလတန်းတွေကို ဇူလိုင်လနဲ့ သြဂုတ်လအတွင်းဖွင့်လှစ်သွားမှာဖြစ်

အောင်စာရင်းတွေ ဘယ်တော့ထုတ်ပြန်မှာလဲ

အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းတွေကို ဇူလိုင်လနဲ့ သြဂုတ်လအတွင်းဖွင့်လှစ်သွားမှာဖြစ်လို့ တက္ကသိုလ်ဝင်တန်း( ဒဿမတန်း) ကလွဲလို့ ကျန်အတန်းအားလုံးကို ဇွန်လအတွင်း ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

' ' တက္ကသိုလ်ဝင်တန်းကတော့ ခါတိုင်းလိုပဲ နည်းနည်းနောက်ကျမယ်။ ဇူလိုင်လကုန် သြဂုတ်လဆန်းလောက် ထွက်ရင်ထွက်မယ်။ ဒါတော့မသေချာသေးပါဘူး။ အများကြီးနောက်မကျ ပါဘူး။ လုပ်ငန်းပြီးစီးတဲ့ပေါ်မူတည်တယ်။ ကျန်တဲ့အတန်းအားလုံးကတော့ ဇွန်လအတွင်းဖြစ်ဖို့များပါတယ်''လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းပေါင်း ၄၈၀၀ ကျော်ရှိပြီး ကနဦးက မူလတန်းကနေ စဖွင့်လှစ်ဖို့ ပြင်ဆင်ခဲ့ရာက အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဆရာ၊ ကျောင်းသားမိဘတွေ အွန်လိုင်းကတဆင့် ဆွေးနွေးရာက အထက်တန်းကနေပြောင်းလဲဖွင့်လှစ်ဖို့ ဖြစ်လာခဲ့တာပါ။

ကိုဗစ်ကပ်ရောဂါကြား ကျောင်းတွေကို ဘယ်လိုပုံစံနဲ့ ပြန်ဖွင့်မှာလဲ

ဆိုရှယ်ဒစ်စတန့်စည်းမျဉ်းတွေအရ ကျောင်းသားတွေခပ်ခွာခွာသင်ကြားနိုင်ဖို့ ၃၄ပေ *၂၄ ပေရှိ စာသင်ခန်း တစ်ခန်းမှာ ကျောင်းသား ၂၀ ဦးရေသာ ထည့်သွင်းပြီးသင်ကြားသွားမှာဖြစ်တယ် လို့ ဆိုပါတယ်။

' ' ကျောင်းသားနည်းတဲ့ကျောင်းတွေကတော့ ပုံမှန်အတိုင်းပဲဖြစ်မယ်။ ကျောင်းသားတွေအခြေအနေအရ များတဲ့ကျောင်းတွေကတော့ ပုံမှန်တစ်ချိန်ထဲကနေ မနက်နဲ့ ညနေပိုင်း အသုတ်နဲ့ ခွဲတက်ရတာလည်း ရှိနိုင်တယ်။ အဲထက်မှ ကျောင်းသား ၅ထောင်လောက်ရှိတဲ့ ကျောင်းကြီးတွေဆိုရင်တော့ နှစ်သုတ်ခွဲပြီးတာကိုမှ တစ်ပတ်ခြားစီတက်ရတာလည်းရှိနိုင်တယ်။

' ' ဒီအပတ်က ဘယ်အတန်းတွေတက်ပေါ့။ ကျန်တဲ့ ကျောင်းသားတွေက အိမ်မှာ home assignment တွေလုပ်ပေါ့။ အဲထက်မှ မရတဲ့ကျောင်းတွေဆိုရင်တော့ အသုတ် ၂သုတ်ကိုမှ ၃ရက်ခြားစီ ခွဲတက်ရတာလည်းရှိမယ်။ အဲလိုကိုမှ မရတဲ့ကျောင်းလည်းရှိနိုင်တယ်။ ဒါကိုတော့ စပါယ်ရှယ်ကေ့စ်အနေနဲ့ စဉ်းစားရမှာပေါ့။ အဲလို ပုံစံ ၅ မျိုးနဲ့ ပြန်ဖွင့်ဖို့ စီစဉ်ထားတယ်။''လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ ဦးကိုလေးဝင်းက ပြောပြပါတယ်။

ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေကရော ဘယ်တော့ဖွင့်ကြရမလဲ

ပြီးခဲ့တဲ့ စာသင်နှစ်တွေမှာ ကိုယ်ပိုင်ကျောင်းတွေဟာ အစိုးရကျောင်းတွေထက် တစ်လကြိုဖွင့်လေ့ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့အဲဒီလိုမျိုးရှိမှာမဟုတ်ဘူးလို့ ဦးကိုလေးဝင်းကပြောပါတယ်။

' ' အရင်ကတော့ အစဉ်အလာအရ ဘာမှမပြောခဲ့တာ။ အခုကတော့ ကျန်းမာရေးနဲ့အားကစားက ထုတ်ထားတဲ့စည်းကမ်းတွေကို မလိုက်နာလို့မရဘူး။ မဟုတ်ရင် သူတို့ဖွင့်ခွင့်ရမှာ မဟုတ်ဘူး။ အစိုးရကျောင်းတွေနဲ့ တပြေးညီပဲဖွင့်ရမယ်။''လို့ သူကပြောပါတယ်။

အလားတူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း( ဘက)တွေမှာလည်း သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနနဲ့ညှိပြီး ထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို လိုက်နာဖွင့်လှစ်ရမှာဖြစ်တယ်လို့သိရပါတယ်။

ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းတွေအနေနဲ့လည်း ပြန်လည်ဖွင့်လှစ်မယ်ဆိုပါက ကျန်းမာရေးကထုတ်ပြန်ထားတဲ့ စည်းကမ်းတွေအတိုင်းကို လိုက်နာရမှာဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါတွေ့ရှိတာ အခုဆိုရင် ၂ လကျော်ရှိလာပြီဖြစ်ပြီး မေ ၂၆ ရက်နေ့အထိ ကူးစက်ခံထားရသူပေါင်း ၂၀၃ ဦးရှိလာပြီဖြစ်ပါတယ်။

ဒီအခြေအနေကြားမှာ ကျောင်းတွေပြန်ဖွင့်တော့မှာဖြစ်လို့ ကလေးတွေကို ကျောင်းလွှတ်ဖို့ ရတက်မအေးဖြစ်နေတဲ့ကျောင်းသားမိဘတွေလည်းရှိနေပါတယ်။ ဒီထဲကမှ ကျောင်းတစ်နှစ်အောက် ပြီး ကျောင်းမလွှတ်သေးဖို့ ဆုံးဖြတ်ရမလား စဉ်းစားနေတဲ့မိဘတချို့လည်းရှိနေပါတယ်။

ရောဂါကာကွယ်ရေးအတွက် ပညာရေးဘတ်ဂျက် ဘီလီယံနဲ့ချီပြီး သုံးစွဲသွားဖို့ရှိ

ကျောင်းသားမိဘတွေကြား ဒီလိုစိုးရိမ်ပူပန်မှုတွေရှိနေပေမယ့် အခြေခံပညာဦးစီးဌာနကတော့ ကျောင်းတွေ မှာ နေရာခြားပြီးသင်ကြားဖို့ ကျောင်းစာသင်ခန်းတွေပြင်ဆင်ဖို့၊ လက်ဆေးစရာ ရေနဲ့ဆပ်ပြာ (ရေမရတဲ့ နေရာမှာ) လက်သန့်စင်ဆေးရည်တွေထားပေးဖို့၊ ကိုယ်ပူချိန်တိုင်းဖို့ သာမိုမီတာတွေ၊ ကျောင်းသားတွေနဲ့ ဆရာတွေအတွက် နှာခေါင်းစည်းတွေ အခမဲ့ဖြန့်ဝေပေးဖို့ အပါအဝင် ကျောင်းတွေမှာ ကူးစက်မှုမရှိစေဖို့ အများကြီးကြိုတင်ပြင်ဆင်နေတယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ပြောပါတယ်။

'' နိုင်ငံတော်ဘဏ္ဍာကနေလည်း တတ်နိုင်သမျှသုံးလို့ရတာတော်တော်များရတယ်။ Global partnership For Education ကနေ အမေရိကန်ဒေါ်လာ ၁၅သန်း လျှောက်ထားတာ ရှိတယ်။ ဇွန်လအဆန်းပိုင်းလောက်မှာရမယ်။ အီးယူကနေလျှောက်ထားတဲ့ ဂရန့်တွေလည်းရှိတယ်။ အဲဒါကလည်း ယူရို ၃၇ သန်းရှိတယ်။ နောက်ကမ္ဘာ့ဘဏ်နဲ့ ဂျီပီအီး အဲကနေပြီးချေးတဲ့ ပိုက်ဆံတွေထဲကလည်း သုံးလို့ရတယ်။ ဒါတွေအများကြီး အခြေခံပညာအတွက်သုံးမှာတွေရှိပါတယ်။''လို့ ဦးကိုလေးဝင်းကရှင်းပြပါတယ်။

ဒါအပြင် အခြေခံပညာကျောင်းတွေမှာအရေးပေါ်တစ်ခုခုရှိလာပါက ကလေးတွေကို ရွှေ့ထားလို့ရမယ့် အရံခန်းတွေကိုပါ ထည့်သွင်းပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါ ကူးစက်ဖြစ်ပွားခဲ့တဲ့မြို့နယ်ကကျောင်းတွေမှာလည်း တစ်ခုခုအရေးပေါ်ဖြစ်ပွားတဲ့အခါ PPE ဝတ်စုံတွေဝတ်ဆင်ကာ ဆေးရုံကိုအရေးပေါ်ပို့နိုင်ဖို့ကအစ ပြင်ဆင်သွားဖို့ ရှိတယ်လို့လည်း ဦးကိုလေးဝင်းကပြောပြပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကျောင်းတွေကို ဇူလိုင် ၂၁ ရက်မှာ ပြန်ဖွင့်မယ်
ข่าวที่เกี่ยวข้อง