Khaosod
Online

วันพฤหัสบดี ที่ 2 ก.ค. 2563

ဦးဘဌေး၊ ကမ္ဘာ့အကြာဆုံး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ

26 พ.ค. 2563 - 23:41 น.

အိုင်စီအက်ဦးဘဌေးလို့ လူသိများတဲ့ ဦးဘဌေးကို ၁၉၉ဝ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အဖြစ် လူသိများပါတယ်။ ၁၉၈၈ ကနေ ၂ဝဝဝ ပြည့်နှစ်မှာ ကွယ်လွန်ချိန်အထိ ဥက္ကဋ္ဌ တာဝန်ယူခဲ့လို့ ကမ္ဘာပေါ်မှာ သက်တမ်းအကြာဆုံး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တယောက် အဖြစ် ယူဆကြပါတယ်။

တကယ်တော့ ဦးဘဌေးဟာ ၁၉၅၈ ခုနှစ်ကလည်း ရွေးကောက်ပွဲမင်းကြီး တကြိမ်ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က သန့်ရှင်းတည်မြဲ ကွဲတဲ့အချိန် စစ်တပ်က အိမ်စောင့်အစိုးရဖွဲ့ချိန်မှာ ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ နောက် အနှစ် ၃ဝ အကြာမှာ ချွေတာစုဆောင်းရေးနဲ့ အာမခံစာချုပ်များ မင်းကြီးဟောင်း ဦးစန်းမောင်၊ ဗိုလ်မှူးချုပ်ဟောင်း စောကြာဒိုး၊ သံအမတ်ဟောင်းဦးကျော်ညွန့်နဲ့ လွှတ်တော်အမတ်ဟောင်း ဆရာချယ် စတဲ့ လူကြီးတွေနဲ့အတူ ကော်မရှင်မှာ ထပ်မံတာဝန်ပေးခံရတာ ဖြစ်ပါတယ်။

စစ်ကိုင်းသား ဦးဘဌေးကို ၁၉ဝ၆ က စစ်ကိုင်းမြို့မှာ မွေးပါတယ်။ ဦးဘဌေးဟာ ရန်ကုန်ဆေးတက္ကသိုလ် (၂) ပါမောက္ခချုပ် ဒေါက်တာဦးအေးရဲ့ အစ်ကို ဖြစ်သလို မျက်စိ အထူးကု ဒေါက်တာချန်တိတ်ရဲ့ ယောက်ဖလည်း ဖြစ်ပါတယ်။ ၁၉၃၄ က အောက်စဖို့ဒ် နဲ့ လန်ဒန်တက္ကသိုလ်တွေမှာ ပညာသင်ခဲ့ပြီး အိုင်စီအက်ခေါ် အိန္ဒိယပဋိညာဉ်ခံ ဝန်ထမ်းဖြစ်လာပါတယ်။ ဦးဘဌေးဟာ ပြည်သူတွေကို ကိုယ်ချင်းစာတရားနဲ့ အုပ်ချုပ်တတ်သူလို့ ထင်ရှားကြောင်း စစ်ကိုင်းသူ ဒေါ်ရီကြိန်က သံသရာခရီးသည်စာအုပ်မှာ အမှတ်တရရေးသားခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက် အတွင်းဝန်နဲ့ ဘဏ္ဍာတော်မင်းကြီး၊ ဘီအိုစီ လီမိတက်ရဲ့ ဥက္ကဋ္ဌ ရာထူးတွေမှာ အမှုထမ်းပြီး ၁၉၆၃ မှာ ပင်စင်ယူခဲ့ပါတယ်။ ကင်းထောက်လုပ်ငန်းမှာလည်း ပါဝင်ပြီး အရှေ့အာရှ ကင်းထောက်အကြံပေးကော်မတီဥက္ကဋ္ဌ လုပ်ခဲ့ဖူးပါတယ်။

သွေးထွက်သံယို တားဆီးလို

၁၉၈၈ မှာ အသက် ၈၂ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဦးဘဌေးကို ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ယူဖို့ လမ်းစဉ်ပါတီအစိုးရက ကမ်းလှမ်းခဲ့ပါတယ်။ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရရင် လက်ခံမယ်လို့ ပြန်ကြားရာမှာ အစိုးရဘက်က သဘောတူခဲ့တဲ့အတွက် ကော်မရှင်မှာ ပါဝင်ခဲ့ပြီး ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

နိုင်ငံမှာ သွေးထွက်သံယိုတွေ ထပ်မံမဖြစ်စေလိုတဲ့အတွက် အသက်အရွယ်ကြီးရင့်တဲ့ကြားက ဒီရာထူးကို ဖခင်က လက်ခံခဲ့တာလို့ ဦးဘဌေးရဲ့သမီး ဖြစ်သူ ရန်ကုန်ဆေးတက္ကသိုလ် (၁) ဇီဝကမ္မဗေဒ ပါမောက္ခဟောင်း ဒေါက်တာလှရီရီက ပြောပါတယ်။ အဲဒီအချိန်က အစိုးရကို သြဇာညောင်းဆဲဖြစ်တဲ့ လမ်းစဉ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးနေဝင်းနဲ့ သူ့ကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးလည်း မရှိဘူးလို့ ဆိုပါတယ်။

၂၅ နှစ်ကြာ အငြိမ်းစားနေရာက နောက်ဆုံးတကြိမ် နိုင်ငံအတွက် ဆောင်ရွက်ပေးလိုတဲ့အတွက် ဒီလို လက်ခံခဲ့တာ ဖြစ်ပါတယ်။

burma
Science Photo Library
ချေမှုန်းခံရတဲ့ ၁၉၈၈ ဆန္ဒပြပွဲများ

အိုင်စီအက်ကြိုက်တဲ့အစိုးရ

လမ်းစဉ်ပါတီအစိုးရဟာ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးပေမယ့် အိုင်စီအက်နဲ့ တခြားအစိုးရအရာရှိဟောင်းတွေကို ရွေးကောက်ပွဲဆိုင်ရာမှာ အသုံးပြုခဲ့ဖူးပါတယ်။ ဒါကြောင့် ၁၉၇၄ က ပြည်သူ့လွှတ်တော်နဲ့ ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်မှာ ဥက္ကဋ္ဌ အဖြစ် လုပ်ငန်းစစ်ဆေးရေး အဖွဲ့ဝင် မင်းကြီးဟောင်း ဦးစိုးရကို ခန့်အပ်ပြီး အတွင်းဝန်ချုပ်ဟောင်း အိုင်စီအက် ဦးရွှေမရ၊ ဝန်ကြီးဟောင်း အိုင်စီအက် ဦးခင်မောင်ဖြူ၊ ဦးသိန်းဖေမြင့်၊ စာရေးဆရာကြည်မြ၊ မြန်မာစာပါမောက္ခဦးတင်ဧ၊ ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်ကျော်ဝင်းနဲ့ ဗိုလ်မှူးချုပ်ဟောင်း လဇွန်တန်ဂျီး စတဲ့ ထင်ရှားပြီး အစိုးရလက်ခံသူတွေ ပါဝင်ခဲ့ပါတယ်။

ထူးခြားချက်ကတော့ အဲဒီကော်မရှင်မှာ ပါတဲ့ ဦးဒိန်ရတန်၊ လင်းခေးဦးထွန်းမြင့်နဲ့ သခင်အောင်မင်းတို့ကို နိုင်ငံတော်ကောင်စီဝင်အဖြစ် အဲဒီနှစ်မှာပဲ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေထဲက တချို့ဟာ ၁၉၇၄ ဖွဲ့စည်းပုံမူကြမ်းရေးဆွဲရေး ကော်မရှင်မှာလည်း ပါဝင်ခဲ့ကြတာကိုတွေ့ရပါတယ်။

ဖဆပလခေတ်က ရွေးကောက်ပွဲမင်းကြီး ဖြစ်ခဲ့သူတွေထဲမှာလည်း ဦးဘဌေးအပြင် ဦးကာစီ၊ ဦးလှရှိန် စတဲ့ အိုင်စီအက်ဝန်ထမ်းတွေ ပါဝင်ပါတယ်။ ဗြိတိသျှလေ့ကျင့်ပေးခဲ့တဲ့ အရာရှိကြီးတွေ စီစဉ်တဲ့ ရွေးကောက်ပွဲတွေဟာ ပြည်တွင်းစစ် ပြင်းထန်ချိန်မှာ ကျင်းပခဲ့ရတဲ့အတွက် လွတ်လပ်မျှတတယ်လို့ ပြောဖို့ခက်ပါတယ်။ အလားတူ လမ်းစဉ်ပါတီခေတ်မှာ ကျင်းပတဲ့ ရွေးချယ်တင်မြှောက်ပွဲတွေကလည်း ပါတီတခုတည်းက ကိုယ်စားလှယ်တွေကို မဲပေးရတာအပြင် ကန့်ကွက်မဲအမည်းထည့်ရင် ထောက်ခံမဲအဖြူဖြစ်ကုန်တယ်ဆိုပြီး ပြောဆိုခံရတယ်လို့ မြန်မာသမိုင်းအဖွဲ့က ထုတ်တဲ့ မြန်မာ့နိုင်ငံရေး စနစ်ပြောင်းကာလ (၁၉၆၂- ၁၉၇၄ ) စာအုပ်မှာ ဖော်ပြပါတယ်။

ကြားဖြတ်နဲ့ အာဏာယူ

ဒါကြောင့် ၁၉၈၈ မှာ ဦးဘဌေးတို့ ရွေးကောက်ပွဲကော်မရှင်ဖွဲ့တဲ့အချိန်မှာ ကန့်ကွက်မှုနဲ့ မယုံကြည်မှုတွေ ရှိခဲ့ပါတယ်။ လူကြီးတွေကို အသုံးချပြီး လမ်းစဉ်ပါတီဘက်က အာဏာပြန်ယူမှာကို စိုးရိမ်ကြသလို အဲဒီအချိန်က နိုင်ငံရေးတောင်းဆိုမှုတွေကလည်း ကြားဖြတ်အစိုးရဖွဲ့ပေးဖို့အထိ ပြင်းထန်နေပါတယ်။ ဒီလိုအခြေအနေတွေကြားက ကော်မရှင်အလုပ်တွေ စခဲ့ကြတာ ဖြစ်ပါတယ်။

ဦးဘဌေးတို့ ကော်မရှင်မှာ အစိုးရအရာရှိဟောင်းတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းနဲ့ နိုင်ငံရေးသမားဟောင်း တယောက်စီ ပါပါတယ်။ ဗိုလ်မှူးချုပ်ဟောင်း စောကြာဒိုးဟာ ၁၉၄၉ က ကရင်ပုန်ကန်မှုကြောင့် တပ်က ထွက်ခဲ့ရပြီး ၁၉၆ဝ ကျော်မှာ ဦးနုတို့နဲ့အတူ တောခိုပြီး ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို ပုန်ကန်ခဲ့ဖူးပါတယ်။ ၁၉၈ဝ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာမှ ပြန်လာသူဖြစ်ပါတယ်။ ဆရာချယ်ကတော့ မွတ်ဆလင်ဖြစ်ပြီး ဖဆပလနဲ့ လမ်းစဉ်ပါတီခေတ်မှာ လွှတ်တော်အမတ် ဖြစ်ခဲ့သလို ၁၉၇၄ ဖွဲ့စည်းပုံမူကြမ်းကော်မရှင်မှာ ပါဝင်ခဲ့ပါတယ်။

ဒီလို ကော်မရှင်ဖွဲ့စမှာပဲ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်မှာ စစ်အစိုးရတက်လာပါတယ်။ တက်လာတဲ့အစိုးရကလည်း ကော်မရှင်ကို ဆက်လက်ထားရှိပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်ပေးပါတယ်။ အာဏာယူစ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် ကျောင်းသားတွေ နယ်စပ်ထွက်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ တာစူနေချိန်မှာပဲ မြို့ပေါ်မှာ ပါတီတွေ ပေါ်လာပြီး ရွေးကောက်ပွဲဝင်ဖို့ ပြင်ကြပါတယ်။

ဒီလိုပါတီဖွဲ့ကြသူတွေထဲမှာ ဦးဘဌေးတို့ ဇနီးမောင်နှံနဲ့ ခင်မင်သူ ဝန်ကြီးချုပ်ဟောင်း ဦးနုလည်း ပါသလို ဒေါက်တာလှရီရီနဲ့ ကျောင်းနေဘက် ဒေါ်အောင်ဆန်းစုကြည်လည်း ပါပါတယ်။ လန်ဒန်တက္ကသိုလ်မှာ ပါရဂူဘွဲ့ယူပြီး ၁၉၈၈ နိုဝင်ဘာမှာ မြန်မာပြည် ပြန်ရောက်တဲ့ ဒေါက်တာလှရီရီဟာ ခင်ပွန်းဖြစ်သူနဲ့အတူ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်အိမ်ကို သွားတွေ့ပါတယ်။ အဲဒီလိုတွေ့တဲ့အခါ ကော်မရှင်မှာ အန်ကယ်ဦးဘဌေးနဲ့ အန်ကယ်ဦးစန်းမောင်တို့ပါတဲ့အတွက် ရွေးကောက်ပွဲက လွတ်လပ်မျှတမယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုပြောတယ်လို့ ဆိုပါတယ်။ ဦးစန်းမောင်ရဲ့သမီး ဒေါ်တင်တင်မလတ်ကလည်း သူတို့နဲ့ မက်သဒစ် အင်္ဂလိပ်ကျောင်းမှာ တတန်းတည်းတက်ခဲ့တဲ့ ကျောင်းနေဘက်တယောက် ဖြစ်ပါတယ်။

ဒေါ်စုမဝင်ရ

ဒေါ်အောင်ဆန်းစုကြည် ဒီလိုယူဆပေမယ့် တကယ် ရွေးကောက်ပွဲဝင်ဖို့ ပြင်ချိန်မှာတော့ နိုင်ငံရေးက မဖြောင့်ဖြူးခဲ့ပါဘူး။ ၁၉၈၉ ဇူလိုင်မှာ သူနေအိမ်အကျယ်ချုပ်ကျပြီး ရွေးကောက်ပွဲဝင်ဖို့ လျှောက်လွှာတင်သွားတာလည်း တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ )ဘက်က ကန့်ကွက်လို့ ပယ်ချခံရပါတယ်။ ဦးဘဌေးနဲ့ စောကြာဒိုးက ဒေါ်စုလျှောက်လွှာကို လက်ခံပြီး ကျန်သုံးယောက်က ပယ်ချတယ်လို့ မဇ္ဈိမဝက်ဆိုက်မှာ ၂ဝဝ၉ ခုနှစ်က မင်းဟန် ရေးသားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် သဇင်နီ အခန်းဆက်ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။

၁၉၉ဝ မေလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာတော့ သူ့ပါတီ အပြတ်အသတ် နိုင်ပါတယ်။ ဒါပေမဲ့ ၁၉၈၉ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေမှာ ပါတဲ့အတိုင်း လွှတ်တော်ခေါ်ဖို့ ဖြစ်မလာဘဲ စစ်အစိုးရက ၁/၉၀ ကြေညာချက်နဲ့ ဖွဲ့စည်းပုံရေးဆွဲဖို့ စိုင်းပြင်းလာပါတယ်။

အဲဒီနောက် အမျိုးသားညီလာခံခေါ်တာကနေ နိုင်ငံရေးအကျပ်အတည်းအမျိုးမျိုး ဆိုက်ပြီး လွှတ်တော်ခေါ်ဖို့အရေး ရေစုန်မျောခဲ့သလို အမတ်တွေ အဖမ်းခံရတာ၊ ပြည်ပထွက်ပြေးတာနဲ့ ထုတ်ပယ်ခံရတာ၊ ထွက်ဖို့ ဖိအားပေးတာတွေ ဖြစ်ခဲ့ပါတယ်။ ပြည်ပကို ထွက်သွားတဲ့အမတ်တွေက အဝေးရောက်အစိုးရဖွဲ့သလို ပြည်တွင်းမှာလည်း လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့ခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံရေးဆွဲပြီးချိန်အထိ မြန်မာပြည် နိုင်ငံရေးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေအိမ်အကျယ်ချုပ်၊ NLD ရဲ့ အကြိမ်ပေါင်းများစွာထုတ်တဲ့ ကြေညာချက်တွေကြား သံသရာလည်နေခဲ့ပါတယ်။

၁၉၆ဝ ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲအပြီးမှာလည်း တပ်ကဖွဲ့တဲ့ အိမ်စောင့်အစိုးရလက်ကနေ ဦးနုဘက်ကို အာဏာလွှဲမပေးလိုတဲ့ တပ်မှူးတွေက ကြံစည်တာ ဖိအားပေးတာတွေ ရှိခဲ့တယ်လို့ အမေရိကန် ဝါရှင်တန် တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခ မေရီကယ်လ်ဟန်၊ ဗိုလ်မှူးချုပ်ဟောင်း မောင်မောင်နဲ့ အောင်ဇံစတဲ့ သုတေသီတွေက ရေးသားခဲ့ပါတယ်။ ၁၉၉၀ မှာတော့ အာဏာသိမ်း နဝတအစိုးရအတွင်းနဲ့ နောက်ကွယ်က သြဇာညောင်းတယ်ဆိုသူတွေကြား ဘယ်လိုသဘောထားနဲ့ ဆုံးဖြတ်ပြီး လွှတ်တော်မခေါ်နိုင်ခဲ့သလဲဆိုတာ မေးစရာတွေ ရှိနေဆဲ ဖြစ်ပါတယ်။

မဲပုံးကိုပုတ်

အိုင်စီအက် ဦးဘဌေးကတော့ ရွေးကောက်ပွဲကော်မရှင်ကို ၁၂ နှစ်ကြာ ဦးဆောင်ပြီး အသက် ၉၄ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ဖခင်ဟာ ကွယ်လွန်ခါနီးလပိုင်းအလိုအထိ ရုံးကို တပတ် တရက်နှစ်ရက် သွားသေးကြောင်းလည်း ဒေါက်တာလှရီရီက ပြောပါတယ်။ သူဟာ အသက်အကြီးဆုံး အစိုးရဝန်ထမ်းအနေနဲ့ ဂင်းနစ်မှတ်တမ်းမှာ ဝင်သင့်တယ်လို့ ပြောတယ်လို့လည်း ဆိုပါတယ်။

သူ့ကိုတာဝန်ပေးတဲ့အတိုင်း ရွေးကောက်ပွဲကို လွတ်လပ်မျှတအောင် ဆောင်ရွက်ပေးခဲ့ပြီးနောက် ဆက်ရမယ့် လွှတ်တော်ခေါ်တဲ့ လုပ်ငန်းတွေမှာ ကော်မရှင်ရဲ့ တာဝန်နဲ့ အာဏာ မရှိတော့ပါဘူး။ တကယ်က ရွေးကောက်ပွဲဥပဒေထွက်ကတည်းက ပါတီတွေဘက်က အကြံပြုချက်တွေမပါဘူး၊ အထူးသဖြင့် အာဏာလွှဲပြောင်းခြင်းဆိုင်ရာ အရေးကြီးတဲ့ စည်းမျဉ်းတွေ ပါမလာဘူးလို့ NLD က ကန့်ကွက်ခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါမနစ်ဖော်လ်ဒါတို့ အေးရှားဝိခ် မဂ္ဂဇင်းအတွက် မေးမြန်းခန်းမှာ ပါရှိခဲ့ပါတယ်။

ဦးဘဌေးတို့ ကော်မရှင်မှာ လုပ်ပိုင်ခွင့်ရှိတယ် ဆိုပေမယ့် မာရှယ်လောခေတ်မှာ လုပ်တဲ့ ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်ပွဲတွေမှာ ဖိနှိပ်တာတွေ ကြုံခဲ့ရသလို ရွေးကောက်ပွဲအပြီးမှာလည်း ကော်မရှင်ကို လက်ကိုင်တုတ်လို စစ်အစိုးရက သုံးပြီး အမတ်တွေနဲ့ ပါတီတွေကို ဖိနှိပ်ဖျက်သိမ်းတာတွေ လုပ်ခဲ့တယ် ဆိုပြီး စွပ်စွဲတာတွေ ရှိခဲ့ပါတယ်။ အာဏာပိုင်တွေ ဖိအားပေးမှုကြောင့် လွှတ်တော်အမတ်တွေ ထွက်စာတင်တာကို ကော်မရှင်က ကြေညာပေးနေတာကိုလည်း NLD က ကန့်ကွက်ခဲ့ပါတယ်။

ဒီလို နိုင်ငံရေးလှိုင်းတွေကြားက ကော်မရှင်အဖွဲ့ဝင်တွေရဲ့ မိသားစုတွေမှာလည်း ဖိအားတွေနဲ့ ကြုံခဲ့ရပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်က ဒေါက်တာလှရီရီဆီကို အသွားအလာသတိပြုဖို့ ၁၉၉၀ သင်္ကြန်ကာလမှာ ဖုန်းနဲ့ အမည်မသိ လူတယောက်က သတိပေးတာမျိုး ကြုံရဖူးတယ်လို့ ဆိုပါတယ်။ သူ့ဖခင်ရဲ့ ရွှေတောင်ကြား နေအိမ်ကိုလည်း ညကြီးမိုးချုပ်မှာ ဒေါ်လာရှိတယ် သတင်းကြားလို့ ဆိုပြီး ရပ်ကွက်လူကြီးတွေနဲ့ လာစစ်တာ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ဦးဘဌေးက သူ့အတွက် အစောင့်အရှောက်မယူတဲ့အပြင် အစိုးရအိမ် ပြောင်းနေတာလည်း မလုပ်ခဲ့ပါဘူး။ ရွေးကောက်ပွဲပြီး လွှတ်တော်မခေါ်နိုင်တာတွေ ဖြစ်ပြီးနောက် ဦးဘဌေးတို့ကို ဝေဖန်တာတွေ ကြုံခဲ့ရပါတယ်။

နောက် ဦးဘဌေးရဲ့ဘဝမှတ်တမ်းမှာ ပါတဲ့ ရွေးကောက်ပွဲကော်မရှင် အကြောင်းတွေကိုလည်း စာပေစိစစ်ရေးက ဖြတ်တောက် ခဲ့ပါတယ်။ စာအုပ်ကိုတောင် သူကွယ်လွန်ပြီးမှ ထုတ်ဝေခွင့်ပြုခဲ့တာပါ။ ဒီလို စိတ်တိုင်းမပေါက်တာတွေ ရှိခဲ့ပေမယ့် သူ့ဖခင်ဟာ နိုင်ငံအပြောင်းအလဲတခုအတွက် ရွေးကောက်ပွဲကို ကြီးမှူးပေးခဲ့ရတာကို ဂုဏ်ယူတယ်လို့ ဒေါက်တာလှရီရီက ပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ဦးဘဌေးမဲပေးပြီးနောက် မဲပုံးကိုပုတ်ပြီး ပါလာတဲ့ သမီးတွေကို လက်မထောင်ပြတယ်လို့လည်း ဆိုပါတယ်။ သူဘယ်ပါတီမဲပေးတယ် ဆိုတာတော့ ခန့်မှန်းကြည့်ရင် သိနိုင်ပါတယ်လို့ ဒေါက်တာလှရီရီက ဆိုပါတယ်။

line-qr

เกาะติดข่าวสำคัญ

กดติดตาม "ข่าวสด"

single-line

ติดตามข่าวสด


ข่าวเด่นประจำวัน













ภาพที่



อัลบั้มภาพ ဦးဘဌေး၊ ကမ္ဘာ့အကြာဆုံး ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ
ข่าวที่เกี่ยวข้อง